ဒီရာသီ လာလီဂါမှာ ရီးယဲလ်အသင်း ရလဒ်တွေ မတည်ငြိမ်ဘဲ ရုန်းကန်နေရပေမယ့် သူတို့ရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဗင်နီစီယက်စ် Vinicius Junior က စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး သူ့ရဲ့ လာလီဂါပွဲဦးထွက် ရာသီ မှတ်တမ်းက ဘာစီလိုနာ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ရဲ့ ပွဲဦးထွက်စွမ်းဆောင်ရည် မှတ်တမ်းထက် ပိုကောင်းနေပါတယ်။ ဗင်နီစီယက်စ်ဟာ ရာသီအစတုန်းက နည်းပြဟောင်း လိုပယ်တက်ဂီ Julen Lopetegui လက်ထက်မှာ ပုံမှန်ကစားခွင့်မရခဲ့ပေမယ့် အခုလက်ရှိနည်းပြ ဆိုလာရီ Santiago Solari လက်ထက်မှာတော့ သူ့ရဲ့ ခြေစွမ်းအစစ်အမှန်ကို ပြသခွင့်ရခဲ့ပါတယ်။

အခုဆိုရင် ဗင်နီစီယက်စ်ဟာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲကစား (၄)ဂိုးသွင်း ဂိုးဖန်တီးမှု (၁၂)ကြိမ်ပြုလုပ်ခဲ့ပြီး ဗင်နီစီယက်စ် ဒီလိုအနေအထားထိဖြစ်လာလိမ့်မယ်လို့ ရာသီအစတုန်းက ဘယ်သူမှ မထင်ထားကြပါဘူး။ အခုအချိန်မှာတော့ ဗင်နီစီယက်စ်ဟာ ဆိုလာရီရဲ့ ယုံကြည်မှုအတွက် ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်နေပါပြီ။ အဲဒါကြောင့် ဗင်နီစီယက်စ်ရဲ့ ပွဲဦးထွက်ရာသီ စွမ်းဆောင်ရည်မှတ်တမ်းက မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘ၀ ပထမဆုံးရာသီထက် ပိုကောင်းနေတာပါ။ မက်ဆီဟာ ၂၀၀၄-၀၅ ရာသီတုန်းက ဘာစီလိုနာအသင်းကြီးအတွက် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပုံမှန်ကစားခွင့် မရခဲ့ဘဲ ပြိုင်ပွဲစုံ(၉)ပွဲသာ ကစားခဲ့ရသလို (၁)ဂိုးသာသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ အဲဒီနောက်ပိုင်းကတည်းက ရပ်တန့်လို့မရတဲ့ ခြေစွမ်းမျိုးပြသခဲ့ပြီး ဘာစီလိုနာရဲ့ ခေတ်တစ်ခုကို ဦးဆောင်ခဲ့တာကြောင့် ဗင်နီစီယက်စ်အနေနဲ့ ရီးယဲလ်အတွက် မက်ဆီလိုမျိုး စွမ်းဆောင်နိုင်မလားဆိုတာ အချိန်ယူစောင့်ကြည့်ရဦးမှာပါ . .

REF:sportskeeda
Photo:Marca,Getty Images
Naing Linn(Akhayar)
www.akhayar.com