လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံလူ ဗန်ဒိုက် Virgil van Dijk ကတော့ သူ့ကို ဘယ်ကစားသမားမှ ကျော်ဖြတ်ပြီး ဘောလုံးဆွဲမပြေးနိုင်ဘူးဆိုတဲ့ မှတ်တမ်းကောင်းကို ပွဲပေါင်း(၅၀)အကြာမှာ စွန့်လွှတ်ခဲ့ရပါပြီ။ အာဆင်နယ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ ပထမပိုင်းမှာ အာဆင်နယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပိုင်ရှင် ပီပီ Nicolas Pepe က ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပြေးခဲ့တာဖြစ်ပါတယ်။ ပီပီမတိုင်ခင် ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်ခဲ့တာက နယူးကာဆယ် ကွင်းလယ်လူ မာရီနို Mikel Merino ဖြစ်ပြီး ၂၀၁၈၊ မတ်လတုန်းက ကစားခဲ့တဲ့ပွဲမှာ ဗန်ဒိုက်ကို ကျော်ဖြတ် ဘောလုံးဆွဲပြေးခဲ့တာပါ။

အဲဒီနောက်ပိုင်း ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပြေးနိုင်တဲ့သူ မရှိတော့ဘဲ အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီ Messi တောင် သူ့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အံ့အားသင့်စရာကောင်းတာက ပြီးခဲ့တဲ့(၃)ရာသီအတွင်း ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်ခဲ့တာက တစ်ရာသီလုံးမှာ (၁)ဦးစီပဲရှိခဲ့ပြီး ၂၀၁၇ မှာ လာကာဇက် Lacazette ၊ ၂၀၁၈ မှာ မာရီနို Mikel Merino နဲ့ အခု ပီပီ Nicolas Pepe တို့ပဲဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ဗန်ဒိုက်ဟာ ဒီလိုမှတ်တမ်းကောင်းတစ်ခုကို ဆုံးရှုံးခဲ့ရပေမယ့် သူ့အသင်းက အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ကျေနပ်စရာတော့ဖြစ်ခဲ့ရပါတယ်။

ဗန်ဒိုက်ကို ပီပီ ကျော်ဖြတ်ခဲ့တဲ့ရုပ်သံကို ကြည့်ရန်လင့်ခ်

REF:Daily Mail,Metro
Photo:Arsenal Facebook
Naing Linn(Akhayar)
www.akhayar.com