အလုပ်ကိစ္စခရီးသွားတာလည်း မဟုတ်ဘဲနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးထွက်တာတောင်မှ စိတ်ဖြောင့်ဖြောင့် မသွားရတာမျိုး တော်တော်များများ ကြုံဖူးမှာပါ။ ဒီလိုတွေ မဖြစ်ရအောင်လို့ အပိုင်း (၃) ခွဲပြီး ပြောပြပေးသွားပါမယ်။

မသွားခင်

ကိုယ်တိုင်လုပ်မှဖြစ်မယ့် အလုပ်တွေကို အပြီးသတ်သွားပါ

စိတ်လွတ်လက်လွတ် ကဲချင်တယ်ဆိုရင်တော့ ဒီနံပါတ် (၁) အချက်ကို မဖြစ်မနေ လုပ်ရပါလိမ့်မယ်။ ဒီအချိန်မှာ အရေးတကြီး ပြောချင်တာကတော့ အလုပ်တိုင်းလိုလိုက ကိုယ်တိုင်ကိုယ်ကျ မလုပ်လို့မဖြစ်တာတွေချည်းပဲလို့ မတွေးမိဖို့ပါ။ အလုပ်တိုင်းမှာ လွှဲလို့ရတဲ့အလုပ်ဆိုတာ ရှိပါတယ်။ သေချာစီစစ်ကြည့်ပါ။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ ခရီးထွက်ပြီး အပန်းဖြေတာနဲ့ တူမှာမဟုတ်တော့ဘဲ အလုပ်ကိစ္စခရီးသွားတာနဲ့ ထပ်တူကျသွားပါလိမ့်မယ်။

ခရီးသွားမယ့်အကြောင်း မောင်းခတ်သွားပါ

ခရီးကိုတော့ ဘယ်နေ့ကနေ ဘယ်နေ့ထိ သွားပါမယ်ဆိုပြီး ကြေညာမောင်းခတ်ရာမှာ ရုံးတွင်းကလူတွေပဲ မဟုတ်ဘဲ Client တွေဆီကိုပါ မေးလ်ပို့ပြီး တစ်ခုခုဆို ဘယ်သူ့ဆီဆက်သွယ်နိုင်ပါတယ်ဆိုတဲ့အကြောင်း အီးမေးလ်တစ်တန်၊ အမှာစကား တစ်သွယ်၊ မက်ဆေ့ခ်ျနဲ့ တစ်ဖုံ အဆင်ပြေသလို မောင်းခတ်သွားဖို့ လိုပါတယ်။ ဒါမှ တစ်ခုခုဆို ကိုယ့်ဆီမဆက်သွယ်လာမှာလေ။

သွားနေချိန်အတွင်း

ဖုန်းသုံးမယ့်အစား စာရွက်သုံးပါ

မြေပုံကြည့်ပြီး တစ်ယောက်တည်း ကျောပိုးအိတ်နဲ့ လျှောက်ပတ်မယ် ဟေ့ ဆိုပြီး ကြွေးကြော်ထားရင်တော့ သင့်ကိုင်တဲ့ မြေပုံဟာ ဖုန်းထဲက Google Map မဖြစ်ပါစေနဲ့။ သင်တည်းတဲ့ ဟိုတယ်ကပဲဖြစ်ဖြစ် မြေပုံစာရွက်တောင်းပြီး လျှောက်သွားပါ။ တစ်ခုခုဆိုလည်း ဖုန်းထဲမှာ မမှတ်ထားဘဲ စာရွက်တစ်ခုပေါ်မှာ ချရေးပေးပါ။ ဘာလို့ ဒီလိုပြောရလဲဆိုရင် လေ့လာချက်တွေအရ လူတွေရဲ့ အချိန်တော်တော်များများဟာ ဖုန်းကြည့်ပြီးပဲ ကုန်ဆုံးနေတတ်လို့ပါတဲ့။ လူတစ်ယောက်ရဲ့ ပျမ်းမျှဖုန်းကြည့်နှုန်းက တစ်နေ့ကို အကြိမ်ရေ ၂,၅၀၀ ကျော်တောင်ရှိပါတယ်။ ဖုန်းကြည့်လို့ ကုန်ဆုံးလိုက်ရတဲ့အချိန်ဟာ မသိသာသလိုနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖဲ့ယူသွားမယ့် အဓိကတရားခံက ဖုန်းဆိုတာကို မမေ့သင့်ပါဘူး။ ဒါ့ကြောင့် ဖုန်းသုံးမယ့်အစား စာရွက်သုံးဖို့ ပြောရတာပါ။

အခန်းတွင်းမအောင်းပါနဲ့

ဟိုတယ်ခန်းထဲမှာ ဇိမ်နဲ့ တစ်နေ့လုံးမကွေးနေစေချင်ပါဘူး။ အခန်းတွင်းအောင်းတာက အပန်းမပြေစေတဲ့အပြင် လူကိုပါ နုံးသွားပါစေလိမ့်မယ်။ အပြင်ထွက်ပြီး တစ်ခုခုလုပ်နေမယ်ဆိုရင်တော့ စူးစမ်းလေ့လာပြီးသားလည်းဖြစ် ကိုယ်မထိတွေ့ဘူးတဲ့ အရာတွေကိုလည်း လုပ်ဖူးပြီးသားဖြစ်မှာပါ။ ဒီလိုတွေ အပြီအပြင်ကဲဖို့အတွက်ပဲ ခရီးထွက်လာတာမဟုတ်ဘူးလား။ အခန်းထဲမှာ မထဘဲ ကွေးချင်သပဆိုရင်တော့ ဒီအတွက် အများဆုံး အချိန်တစ်ရက်လောက်ပဲ ထားပေါ့။

သွားပြီး

အလုပ်အတွက်ပြင်ဆင်ဖို့ အချိန်တစ်ခုချန်ထားပါ

ပြောချင်တာက မနေ့ညကမှ ခရီးက ပြန်ရောက်တယ်။ ဒီနေ့မနက်ပဲ အလုပ်ဆင်းမယ်ဆိုတာမျိုးက ပိုက်ဆံတွေ အကုန်ခံပြီး သွားထားရတဲ့ ခရီးကို အလဟဿဖြုန်းတီးလိုက်သလို ဖြစ်စေပါလိမ့်မယ်။ ခရီးပန်းမှာ ဖြစ်တဲ့အတွက် တစ်ညနေလောက်ဖြစ်ဖြစ် အနားယူကို ယူသင့်ပါတယ်။ ဒီကြားထဲလည်း ခရီးထွက်ပြီး အလုပ်ပြန်ဆင်းရမှာကို ကြောက်တဲ့သူတွေပါ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီအကြောင်းကြောင့်ပဲ အချိန်တစ်ခုချန်ထားစေတာပါ။ ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသလိုပဲ အဲ့အချိန်လေးမှာ အနားယူသင့်သလောက်ယူပြီး အလုပ်ပြန်ဆင်းရင် ကိုယ်လုပ်ရမယ့် အလုပ်တွေအတွက် Plan ပြန် ချတာမျိုး လုပ်ပေးပါ။

ကောင်းမွန်တဲ့ ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ အခရာက ဆုတောင်းပေးလိုက်ပါတယ်။

Reference: time.com

NSC (Akhayar)

www.akhayar.com