၂၀၁၉ FIFA အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် အမေရိကန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမေရိကန်အသင်းက (၂-၀)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။ ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ အမေရိကန်အသင်းဟာ အခုနှစ်မှ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်လာတဲ့ နယ်သာလန်အသင်းကို အသာစီးနဲ့ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု(၅၃)ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှုက (၁၇)ကြိမ်၊ ဂိုးပေါက်တည့်မှု (၉)ကြိမ်အထိရှိခဲ့တယ်။ နယ်သာလန်အသင်းအနေနဲ့ အမေရိကန်ကို ကြံ့ကြံ့ခံတုံ့ပြန်ကစားခဲ့ပေမယ့် (၆၁)မိနစ်မှာ ပယ်နယ်တီပေးလိုက်ရလို့ ကစားပုံက ပြိုဆင်းသွားပါတယ်။ အမေရိကန်တိုက်စစ်မှူး မော်ဂန် Alex Morgan ကို နယ်သာလန်နောက်ခံလူ Stefanie van der Gragt က ပယ်နယ်တီဧရိယာအတွင်း Foul လုပ်ခဲ့တာကြောင့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး အမေရိကန်အသင်းကို ပယ်နယ်တီပေးခဲ့သလို အသင်းခေါင်းဆောင် ရာပီနို Megan Rapinoe က အမှားအယွင်း မရှိကန်သွင်းခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရပြီး မိနစ်အနည်းငယ်အကြာမှာပဲ အမေရိကန်အသင်း ဒုတိယဂိုးရခဲ့ပြီး Lavelle က တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ အမေရိကန်အသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် (၄)ကြိမ်မြောက်ဗိုလ်စွဲခဲ့တဲ့အပြင် ဂျာမနီ(၂၀၀၃၊ ၂၀၀၇)နောက်ပိုင်း (၂)ကြိမ်ဆက် ဗိုလ်စွဲတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုတွေကို အမေရိကန်ဝါရင့်တိုက်စစ်ကစားသမား ရာပီနိုက ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကို နယ်သာလန်ဂိုးသမား Sari van Veenendaal ၊ လူငယ်အကောင်းဆုံးဆုကို ဂျာမနီလူငယ်ကွင်းလယ်လူ Giulia Gwinn နဲ့ အသန့်ရှင်းဆုံးဆုကိုတော့ ပြင်သစ်အသင်းက ရရှိခဲ့ပါတယ်။

FIFA အမျိုးသမီးကမ္ဘာ့ဖလားကို အကြိမ်အများဆုံးရရှိခဲ့တဲ့အသင်းများ

United States 4 (1991, 1999, 2015, 2019)
Germany 2 (2003, 2007)
Norway 1 (1995)
Japan 1 (2011)

REF:Wikipedia
Photo:FIFA Women’s World Cup Facebook
Naing Linn(Akhayar)
www.akhayar.com