ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဒီနေ့ည(သောကြာ မနက် ၁း၃၀)မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အာဆင်နယ်-နာပိုလီ၊ ဗီလာရီးယဲလ်-ဗလင်စီယာ၊ ဘင်ဖီကာ-ဖရန့်ဖတ်၊ ဆလားဗီးယားပရက်ဂ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဉ်တွေ ပါဝင်နေကြောင့် အကြိတ်အနယ်ရှိမှာပါ။ ပရီးမီးယားလိဂ်ကလပ်တွေ ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ . . . .

အာဆင်နယ် – နာပိုလီ (သောကြာ မနက် ၁း၃၀)

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ် အိမ်ကွင်းဖြစ်ပေမယ့် နာပိုလီကို ခက်ခက်ခဲခဲ ကစားရဖို့ရှိတယ်။ ကစားသမားစုဖွဲ့မှုနဲ့ နည်းပြပိုင်း ယှဉ်ကြည့်ရင်လည်း နာပိုလီအသင်းက အနည်းငယ်သာတယ်လို့ ပြောရမယ်။ ဒီနှစ်သင်းဟာ ၂၀၁၃-၁၄ ရာသီတုန်းက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ပြီး သူ့ကွင်း၊ ကိုယ့်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ အပြန်အလှန်အနိုင်ရခဲ့တယ်။ ဒီရာသီ နောက်ဆုံး ဆုဖလားမျှော်လင့်ချက်အတွက် အာဆင်နယ် ရုန်းကန်မှာဖြစ်ပြီး အိမ်ကွင်းမှာတော့ ရလဒ်ကောင်းတစ်ခု ရယူနိုင်မယ်လို့ထင်တယ်။ ဒါပေမဲ့ ပေးဂိုးမဲ့နိုင်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘဲ အာဆင်နယ်(၂-၁)နာပိုလီ ဆိုတဲ့ရလဒ် ထွက်ပေါ်လာဖို့များပါတယ်။

ဗီလာရီးယဲလ် – ဗလင်စီယာ (သောကြာ မနက်၁း၃၀)

လာလီဂါနှစ်သင်း ဆုံတွေ့တဲ့ပွဲဖြစ်ပြီး ဒီရာသီမှာ ဗီလာရီးယဲလ်အသင်း ရုန်းကန်နေရပေမယ့် ဗလင်စီယာအသင်းကတော့ တန်းမဆင်းရအောင် ရုန်းကန်နေရတယ်။ လာလီဂါနောက်ဆုံး(၃)ပွဲဆက် ဗီလာရီးယဲလ်အသင်း နိုင်ပွဲပျောက်နေပြီး လာလီဂါမှာ တန်းမဆင်းရဖို့က ပိုအရေးကြီးနေတာကြောင့် ဒီပွဲကို အာရုံစိုက်နိုင်ပ့ါမလားဆိုတာ စဉ်းစားစရာပဲ။ ဒီရာသီလာလီဂါမှာ ဒီနှစ်သင်းဆုံတွေ့တော့ ဗီလာရီးယဲလ်က အိမ်ကွင်းမှာ ဂိုးမရှိသရေ၊ အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တယ်။ လက်ရှိခြေစွမ်းနဲ့ ရလဒ်တွေအရ အိမ်ကွင်းဖြစ်ပေမယ့် ဗလင်စီယာကို ဗီလာရီးယဲလ် အနိုင်ရဖို့ မလွယ်ကူတာကြောင့် သရေလောက်သာ မျှော်လင့်ရမှာပါ။

ဘင်ဖီကာ – ဖရန့်ဖတ် (သောကြာ မနက်၁း၃၀)

နှစ်သင်းစလုံးက သက်ဆိုင်ရာ ပြည်တွင်းလိဂ်တွေမှာ ခြေစွမ်းပြနေကြပြီး ရလဒ်ကောင်းတွေလည်း ဆက်တိုက် ရယူနေကြတယ်။ ဖရန့်ဖတ်အသင်းဟာ ပြိုင်ပွဲစုံ (၁၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲရခဲ့တယ်။ အိမ်ရှင်အခွင့်အရေးရှိနေတဲ့ ဘင်ဖီကာ ရလဒ်ကောင်း ရယူဖို့ကြိုးပမ်းမှာဖြစ်ပေမယ့် ဖရန့်ဖတ်အသင်းရဲ့ လက်ရှိ Rhythm ကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။ ဘင်ဖီကာနိုင်ရင်တောင် ဂိုးပြတ်ဖို့ မရှိဘဲ (၂-၁)ဂိုးလောက်နဲ့ပဲ နိုင်သွားမယ်လို့ထင်တယ်။

ဆလားဗီးယားပရက်ဂ် – ချယ်လ်ဆီး (သောကြာ မနက် ၁း၃၀)

ဖလားလက်မဲ့မဖြစ်အောင် ယူရိုပါလိဂ်ဖလားကို ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီး ချက်ကလပ် ဆလားဗီးယားပရက်ဂ်နဲ့ ဆုံတွေ့နေလို့ ပွဲချောင်နေတယ်လို့ပြောရမယ်။ ဒါပေမဲ့ ဆလားဗီးယားပရက်ဂ်ကလည်း ပြည်တွင်းလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပြီး အိမ်ကွင်းခြေမာတဲ့အသင်းဖြစ်တာကြောင့် ချယ်လ်ဆီးကို အကောင်းဆုံးတုံ့ပြန်သွားဖို့ရှိနေတယ်။ အိမ်ရှင်အသင်း သရေလောက်တော့ ရယူနိုင်ပါလိမ့်မယ်။

Photo:Proven Quality
Naing Linn(Akhayar)
www.akhayar.com