Uber ၊ Grab ၊ Oway Ride နဲ့ Hello Cabs ဘယ်ဟာက အကောင်းဆုံးလဲ

ရန်ကုန်နွေကြောင့် လူတွေလည်း အိမ်ထဲက အိမ်ပြင်ကို မထွက်ချင်ဘူးပေါ့ဗျာ။ ထွက်ရမယ်ဆိုလည်း ဘယ်လောက်ပဲ နီးနီး Taxi လေးနဲ့မှ သွားချင်ကြတယ်။ Taxi စီးရင်လည်း Aircon ပါတဲ့ ကားလေး ရွေးငှားတတ်နေပြီလေ၊ ပူတာကိုးဗျ။ ဒါတောင် ကားငှားဖို့ဆို ကိုယ့်အိမ်က လမ်းသွယ်ထဲမှာဆို နေပူကြီးထဲ လမ်းထိပ်ထွက်ရတဲ့ ဒုက္ခက ရှိသေးတယ်။ အခုတော့ အဲဒီလို ဒုက္ခတွေ ကင်းဝေးစေတော့မယ့် Uber ၊ Grab ၊ Oway Ride နဲ့ Hello Cabs စတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ရောက်လာပါပြီ။

Oway နဲ့ Hello Cabs ကတော့ Local ကုမ္ပဏီတွေ ဖြစ်ပြီး ပြည်တွင်းမှာ စတင်ဝန်ဆောင်မှုပေးခဲ့တာ ကြာပြီဖြစ်ပေမယ့် Uber နဲ့ Grab လို နိုင်ငံခြားကုမ္ပဏီကြီးကတော့ မြန်မာပြည်ကို စတင်ဝင်ရောက်လာတာ မကြာသေးဘူးဗျာ။ ဟိုတလောက Uber ရဲ့ တစ်သောင်းဖိုးမကျော်တဲ့ ဆယ်ခေါက်စီးနင်းခွင့် Promotion တွေလည်း ရှိခဲ့လို့ ရန်ကုန်လူထုကြား Uber ဟာ ရုတ်ရုတ်သဲသဲနာမည်ကြီးခဲ့ပြီး ကျွန်တော်တို့ အပါအဝင် လူအတော်များများစမ်းစီးကြည့်ခဲ့ကြပါတယ်။ ကားအစီးရေနည်းသေးတော့ ရတဲ့သူတွေ ရ၊ မရတဲ့သူ မရနဲ့ ချီးမွမ်းသံတွေရော၊ ဝေဖန်သံတွေရော ညံခဲ့တာပါ။

အခရာအဖွဲ့သားတွေလည်း တစ်ဆင့်စကား တစ်ဆင့်နားကြားတာထက် ကိုယ်တိုင်ကိုယ်ကျ ဘယ်သူ့ ဝန်ဆောင်မှုက ဘယ်လိုကောင်းတယ်ဆိုတာ သိချင်တာကြောင့် ရန်ကုန်တစ်ပတ်ကို Taxi နဲ့ ထွက်ခဲ့တဲ့အခါ…

(၁) Uber

(၁.၁) Uber App သုံးရလွယ်/ မလွယ်

Register လုပ်ပုံလုပ်နည်းကတော့ ရှင်းလင်းလွယ်ကူလို့ အသေးစိတ်မရှင်းပြတော့ပါဘူး ။ စစီးမယ်ဆိုရင်တော့ ပုံမှန်ဆို App ကို စဖွင့်လိုက်တာနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို ပြပြီးသားပါ။ သွားချင်တဲ့ နေရာကို ရိုက်ထည့်လို့ ရသလို Set Location on Map နဲ့ မြေပုံပေါ်မှာ ထောက်လိုက်ပြီး တွေ့ရင် Done နှိပ်ရုံပါပဲ။ ကိုယ့်ဆီ ကားရောက်မယ့် ခန့်မှန်းအချိန်ရယ်၊ လက်ရှိကားရှိနေတဲ့ နေရာရယ် မြေပုံပေါ်မှာ တွေ့ရပြီး ကားမောင်းတဲ့ သူက ကိုယ့်ကို ဖုန်းဆက်လာပါလိမ့်မယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုက Uber ဟာ ကျသင့်ငွေကို Range တစ်ခုကြား ပြပေးပြီး Fixed မဟုတ်တာပါပဲ။ ဥပမာဗျာ မြေနီကုန်း ဒဂုံစင်တာကနေ Junction Square ကို MMK 2000 – 2300 ဆိုပြီး ပြပေးတာမျိုးပါ။ အဲဒီကြားထဲက Amount တစ်ခုကျနိုင်တယ်ပေါ့။ Uber App ရဲ့ ကောင်းတဲ့ အချက်ကတော့ သုံးရလွယ်ပြီး လမ်းကြောင်းတိကျတာပါပဲ၊ GPS လည်း တိကျတယ်လို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့ကတော့ သုံးဖူးတဲ့ Taxi Services App ၄ ခုမှာ Uber ကို အကောင်းဆုံးလို့ ပြောချင်ပါတယ်။

(၁.၂) Uber စီးကြည့်တဲ့အခါ

Uber ကို လှမ်းခေါ်တဲ့ အချိန်မှာ Finding လုပ်ပြီး အနီးဆုံး ကားကို ရှာပေးတာပါ။ ရှာပြီးသွားတဲ့ အချိန်မှာလည်း ကိုယ့်ဆီ ကားလာနေတဲ့ လမ်းကြောင်းကို ပြပေးတာမို့ မြေပုံကြည့်ရင်း စောင့်နေလို့ ရပါတယ်။ ကားနံပါတ်ရော၊ ကားမောင်းသူပါ ဖော်ပြပေးမှာ ဖြစ်လို့ စိတ်ချလုံခြုံရမှုရှိပါတယ်။ ကားအဲကွန်းလည်း အေးတော့ အေးအေးငြိမ့်ငြိမ့်လေး စီးရတယ်ပေါ့ဗျာ။ ကားခအရပြောရရင်တော့ မဆိုစလောက် နည်းနည်းများပါတယ်၊ စတက်တာနဲ့ ၁၅၀၀ ကျပ်လို့ သတ်မှတ်ထားပါတယ်။ ကားသမားစကားအပြောအဆိုအဆင်မပြေဘူးလား၊ ကားမောင်းကြမ်းသလား ဒါမျိုးတွေ တွေ့ခဲ့ရင်လည်း ကားသမားကို Rating ပေးလို့ရတယ်။ Complaint တက်ခံရတဲ့ ကားဆရာတွေကို Uber ဘက်က သတိပေးတာတို့ ၊ အပြစ်ပေးတဲ့ သဘောမျိုး ရှိတယ်လို့ ကြားသိရပါတယ်။ အပြစ်ပေးတယ်ဆိုတာက Uber မှာ ဆက်ဆွဲခွင့်မပေးတော့တာမျိုးပေါ့။ Rating သာပေးလို့ ရမယ်ဆိုရင် 4 out of 5 ပါ။ ဈေးနည်းနည်းကြီးတာတော့ မေ့ထားလို့ မရပေဘူး။ ကားခကို ဆင်းမယ့် နေရာရောက်ရင် မောင်းသူဘက်မှာရော၊ စီးနင်းသူဘက်မှာပါ ပြပေးမှာပါ။

(၂) Grab

(၂.၁) Grab App သုံးရလွယ်၊ မလွယ်

Register လုပ်ပြီးတာနဲ့ Enter Pick-up Point ကို ကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ်ကြိုစေချင်တဲ့ နေရာ ရွေးပေးလိုက်ပါ။ Where are you going မှာ ကိုယ်သွားချင်တဲ့နေရာကို ရွေးပေးပါ။ ဒီနေရာမှာ ရိုက်ထည့်ပြီး ရွေးလည်း ရသလို ညာဘက် အပေါ်ထောင့်က အတန်း ၃ခုတန်းထားတာကို နှိပ်ပြီး သူ့ဘေးက Set location on map icon ကို ထပ်နှိပ်ပြီး ကိုယ့်ဘာသာကိုယ် သွားမယ့်နေရာကို ဆွဲရွှေ့ပြီး ချိန်ပေးလည်း ရပါတယ်။ ကြိုရမယ့် နေရာနဲ့ သွားမယ့်နေရာကို သိပြီဆိုရင် ကျသင့်ငွေက ဘယ်ဘက်အောက်ထောင့်မှာ ပေါ်လာပြီး အဆင်ပြေတယ်ဆိုရင် Book ကို နှိပ်ပေးပါ။ ပြီးရင် Finding you a driver ဆိုပြီး ကားစရှာပါလိမ့်မယ်။ တွေ့သွားပြီဆိုရင်တော့ ကားသမားအမည်၊ ကားနံပါတ်၊ ကားအမျိုးအစားကို ဖော်ပြပေးပြီး ရောက်မယ့် အချိန်ကိုလည်း ပြပေးပါတယ်။ ကားသမားလာတဲ့ လမ်းကြောင်းကို Uber လို လမ်းကြောင်းနဲ့တော့ မပြပေးပါဘူး။

(၂.၂) Grab စီးကြည့်တဲ့အခါ

Grab ရဲ့ Service လည်း ကောင်းမွန်ပါတယ်၊ ကားသမားက ကိုယ့်ကို ကြိုရမယ့်နေရာရောက်ရင် ဖုန်းဆက်ပေးပါတယ်။ သိတဲ့အတိုင်း ကားအဲကွန်းလည်း ကောင်းပြီး အေးအေးငြိမ့်ငြိမ့်ပါပဲ။ Grab ရဲ့ ကျသင့်ငွေကတော့ Fixed Price ပါ။ ကားသမားတွေကလည်း သဘောကောင်းပါတယ်။ ကားသမားကိုလည်း Rating ပေးလို့ရတဲ့ အတွက် သဘောကျ၊ မကျ ပြန်ပြောလို့ ရတဲ့ သဘောပါ။ ဈေးလည်း သင့်တော်ပါတယ်။ ကျွန်တော်တို့ သွားတုန်းက ခရီးတိုမို့  ပုံမှန်ကားငှားတာထက် ၁၀၀ ကျပ်လောက်ပဲ ပိုများပါတယ်။

(၃) Oway Ride

(၃.၁) Oway App သုံးရလွယ်၊ မလွယ်

ပထမဆုံးသိတာတော့ App က လေးနေပါတယ်၊ Pick up ကို ရိုက်ထည့်လို့ ရသလို၊ Map ပေါ်မှာလည်း ဆွဲရွှေ့လို့ ရပါတယ်။ Drop off လည်း ထိုနည်းလည်းကောင်းပါပဲ။ နေရာရွေးပြီးတာနဲ့ ကျသင့်ငွေကို Estimate Fare အနေနဲ့ ဘယ်လောက်ကနေ ဘယ်လောက်ကျနိုင်ကြောင်း ပြောပေးပါတယ်။ App ဟာ တစ်ချက်တစ်ချက် Crush ဖြစ်ပြီး App isn’t responding ဆိုပြီး ပေါ်ပါတယ်။ ကားသမားအပြောအရလည်း အရင်ကတော့ Oway ရဲ့ App ဟာ Error တွေ၊ Bugs တွေ ခဏခဏတက်ပါတယ်တဲ့။

နေရာရွေးပြီးရင်တော့ ကားသမားအမည်ရယ်၊ ကားနံပါတ်ရယ်ပေါ်ပြီးတော့ ခန့်မှန်းရောက်လာမယ့်အချိန်ကို လည်း ပြပေးမှာ ဖြစ်ပါတယ်။ မခေါ်ချင်တော့ရင်လည်း Cancel လုပ်ပေးလို့ ရပါတယ်။

(၃.၂) Oway စီးကြည့်တဲ့အခါ

အခြား Uber တို့၊ Grab တို့လို့ပါပဲ။ ကားအဲကွန်းကောင်းတယ်၊ ဆက်ဆံရေးပြေပြစ်ပါတယ်။ ကျသင့်ငွေကို ဆင်းမယ့်နေရာရောက်ရင် မောင်းသူဘက်မှာရော၊ Customer ဘက်မှာရော ကျသင့်ငွေကို ပြပေးမှာပါ။ ဈေးလည်း အဆင်ပြေပါတယ်ခင်ဗျာ။

 (၄) Hello Cabs

(၄.၁) Hello Cabs သုံးရလွယ်၊ မလွယ်

Hello Cabs ကတော့ တက္ကစီ App ဈေးကွက်မှာနည်းနည်းစောတဲ့ အယ်ပလီကေးရှင်းတစ်ခုပါ။ စပြီးငှားတဲ့အချိန်မြေပုံက GPS သင်္ကေတလေးကို နှိပ်လိုက်တာနဲ့ Pick Up From မှာကိုယ်ရောက်နေတဲ့နေရာပေါ်ပါတယ်။ အဲ့ဒါမှ မကျေနပ်သေးရင် မြေပုံပေါ်က Pin Point လေးကနေ ကိုယ်ဘာကိုယ်ရွေးလို့ရပါသေးတယ်။ အခက်အခဲရှိတာက Drop to ရွေးတဲ့အချိန်မှပါ။ Drop to ကိုနှိပ်လိုက်တာနဲ့ မြေပုံကပျောက်သွားရော။ ကိုယ်သွားချင်တဲ့နေရာကို အရင်နှိပ်။ နောက်ပြီးမှ မြေပုံပေါ်မှာ ထောက်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ နောက်ထပ် HelloCab အယ်ပလီကေးရှင်းမှာ အပိုပါတာက ညာဖက်ထောင့်က ဖုန်းပုံသဏ္ဍာန် Customer Care ပါ။ ကားငှား နေရင်းနဲ့ ကိုယ်သိချင်တာတစ်ခုခု ဒါမှမဟုတ် အခက်အခဲတစ်ခုခုရှိခဲ့ရင် တိုက်ရိုက်ဖုန်း ဆက်မေးလို့ရပါတယ်။ မီတာနဲ့စီးချင်လည်းရသလို Fixed Price စီးနင်းလို့လည်းရပါတယ်။

(၄.၂) Hello Cabs စီးကြည့်တဲ့အခါ

Hello Cabs လက်ရှိအချိန်မှာ အစီးရေများလို့လားမသိပါဘူး။ မြန်မြန်ဆန်ဆန်ငှားလို့ရပါတယ်။ ကားသမားရောက်လာတာမြန်သလို၊ သူရောက်တာနဲ့ ကျွန်တော့်ဆီဖုန်းဆက်ပါတယ်။ အဲယားကွန်းဖွင့်ပြီးစောင့်နေသလို ကားကလည်းသန့်ရှင်းသပ်ရပ်ပါတယ်။ ကားကြပ်တဲ့ရုံးဆင်းချိန်လောက်မှာ မီတာနဲ့ငှားစီးမိ လို့လားမသိပါဘူး။ ဈေးနည်းနည်းများသွားပါတယ်။

ခြုံပြီးပြောရမယ်ဆိုရင်

 (၁) အယ်ပလီကေးရှင်းအသုံးပြုမှု

အယ်ပလီကေးရှင်းတွေထဲမှာတော့ Uber ကိုသုံးရတာက အဆင်ပြေမှုအရှိဆုံးပါပဲ။ အယ်ပလီကေးရှင်းတိုင်းမှာ တူညီတဲ့အချက်ကတော့ ကားရောက်လာမယ့်အချိန်ကို ခန့်မှန်းတဲ့အခါမှာ လွဲနေတာပါ။ ဒါကလည်းရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေကြောင့်လို့ပဲ ထင်ပါတယ်။ Uber ရဲ့ယာဉ်မောင်းတော်တော်များများ အနေနဲ့ ပရိုမိုးရှင်းကာလမှာ ကားငှားတုန်းက အယ်ပလီကေးရှင်းမှာလက်ခံပြီးပေမယ့် နောက်တော့မှ ငှားတဲ့သူကို ဖုန်းလှမ်းဆက်ပြီး ခရီးစဉ်ကို Cancel လုပ်ခိုင်းတာတစ်ခုကတော့ တော်တော်ဆိုးပါတယ်။ နောက်ပြီးUber က အစီးရေနည်းနေသေးတော့ ငှားတဲ့အခါကျရင် တော်တော်စောင့်ရပါတယ်။ ကားက ကိုယ့်ဆီလာနေတယ်ဆိုရင်တောင်မှ မြေပုံပေါ်မှာ ဟိုဖက်ရောက်လိုက်၊ ဒီဖက်ရောက်လိုက်နဲ့ တော်တော်နဲ့ ရောက်မလာပါဘူး။

အလျင်လိုနေတဲ့သူတစ်ယောက်အတွက်တော့ လက်ရှိအခြေအနေမှာ ဘယ်အယ်ပလီကေးရှင်းကိုမှ မသုံးတာအကောင်းဆုံးပါပဲ။ ဘယ် App ကပဲငှားငှား လက်ရှိအခြေအနေအရ အချိန်အနည်းအငယ်တော့ ပေးရပါတယ်။

(၂) ယာဉ်မောင်းအနေအထားနဲ့ ဖော်ရွေပျူငှာမှု

အခုနေ App ကနေ ကားငှားရင် Uber တို့၊ Grab တို့က ယာဉ်မောင်းတွေက အဖော်ရွေဆုံးပါပဲ။ Bonus တွေအပြိုင်အဆိုင်ရနေသလို Uber ကဆိုရင် Rating မှာ ကြယ်တွေအများကြီးပေးဖို့ တောင်းဆိုကြဦးမှာပါ။ HelloCabs က ယာဉ်မောင်းတွေကတော့ နည်းနည်းဖာသိဖာသာနေသလိုပါပဲ။ ကျန်တာတွေနဲ့ယှဉ်ရင်တော့ သိပ်မဖော်ရွေကြဘူး။ Bonus ပဲ မရလို့ပဲလား။ လုပ်နေတာကြာနေလို့ပဲလားမသိပါဘူး။

ကျွန်တော်စီးနင်းတဲ့အချိန်တုန်းက Hello Cab နဲ့ Oway ရဲ့ယာဉ်မောင်းတွေက ခါးပတ်ပတ်ထားခြင်းမရှိသလို ခရီးသည်တွေကို ခါးပတ်ပတ်ဖို့လည်းမပြောပါဘူး။ အချိန်ကြာသွားလို့မေ့သွားတာလား မသိဘူး။ အရင်တုန်းကတော့ ပတ်ကြပါတယ်။ Uber တို့၊ Grab တို့ကတော့ စစချင်းအချိန်၊ အရှိန်ကောင်းတုန်းဆိုတော့ ယာဉ်မောင်းတိုင်းက ခါးပတ်ကိုယ်စီနဲ့ပါ။

(၃) ဈေးနှုန်း

ဈေးနှုန်းအနေနဲ့ကတော့ App နဲ့ငှားစီးရတာက ပုံမှန်ငှားစီးတာထက်စာရင် အနည်းငယ်များပါတယ်။ ဒါပေမယ့်တစ်ဖက်ကပြန်ကြည့်ရင်လည်း အဲယားကွန်းနဲ့စီးရမယ်။ ကိုယ့်အတွက်လုံခြုံစိတ်ချမှုအပြည့်ရနိုင်သလို၊ ကားပေါ်မှာ ပစ္စည်းကျန်ခဲ့ရင်လည်း စိတ်ပူစရာမလိုပါသလို ဈေးဆစ်ရတဲ့ဒုက္ခကလည်း မရှိတော့ပါဘူး။ ဈေးနှုန်းတွက်ချက်တဲ့နေရာမှာလဲ မီတာနဲ့တွက်တာရှိသလို ဈေးနှုန်းအသေ (Fixed Price) လည်းရှိပါတယ်။ Grab ကတော့ ဈေးနှုန်းအသေ Fixed Price နဲ့တွက်ပါတယ်။ Hello Cabs မှာတော့ မီတာနဲ့စီးလို့ရသလို၊ ဈေးနှုန်းအသေ နဲ့လည်းစီးလို့ ရပါတယ်။ Uber နဲ့ Oway ကတော့ မီတာနဲ့သာဖြစ်ပေမယ့် ကိုယ်ကျသင့်မယ့်ငွေပမာဏကို ဘယ်

လောက်ကနေ ဘယ်လောက်ကြားကျသင့်မယ်ဆိုပြီးတော့ ခန့်မှန်းပေးပါတယ်။ စီးခဲ့သမျှထဲမှာတော့ Oway ရဲ့ ကျသင့်ငွေက အတန်ဆုံးပါပဲ။ App ကိုသုံးရလို့ အင်တာနက်ဖွင့်ထားရတယ်ဆိုပြီး ဘေလ်အများကြီး ကုန်ကြမှာလည်း မစိုးရိမ်ပါနဲ့။ ပုံမှန်ခရီးစဉ်တစ်ခုဆို အများဆုံးမှ 2 Mb ၊ 3 Mb လောက်ကုန်မှာပါ။

(၄) ကားအနေအထား

စီးခဲ့တဲ့ကားတိုင်းက သေသေသပ်သပ်နဲ့ သပ်သပ်ရပ်ရပ်ပါပဲ။ Hello Cabs ယာဉ်မောင်းတစ်ယောက် ဘေးတံခါးဖွင့်ပြီး ကွမ်းခဏခဏထွေးနေတာကတော့ စိတ်ပျက်စရာပါ။ အတွင်းခန်းတွေကလည်း တော်တော်သန့်ရှင်းပါတယ်။ Pro Box ကားလေးတွေဆိုရင်တောင်မှ အတွင်းခန်းမှာ မွှေးကြိုင်နေတာ ကိုတွေ့ရပါတယ်။

အခု လက်ရှိတော့ Cash နဲ့ပဲ စီးတာများနေပေမယ့် နောက်ပိုင်းကျရင် ဘဏ်ကတ်တွေနဲ့ စီးနင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ နိုင်ငံရဲ့ Connection ကြောင့် အချိန်ကြာကြာစောင့်ရတာတွေ၊ GPS မှားတာတွေတော့ ရှိနေသေးပေမယ့် သက်တောင့်သက်သာရှိပြီး စကားတွေ အများကြီး မပြောချင်ရင်တော့ ဒီလို ဝန်ဆောင်မှုတွေကို သုံးစွဲရတာ အကောင်းဆုံး ဖြစ်မှာပါ။

ကျွန်တော်တို့ စီးခဲ့သမျှထဲမှာတော့ Fixed Price ဖြစ်တဲ့ Grab ရယ်၊ App သုံးရတာ အဆင်ပြေမှုအပြည့်ရှိတဲ့Uber တို့ကို အနှစ်သက်ဆုံးပါပဲ။ အခရာရဲ့ပရိတ်သတ်တွေလည်း Taxi App တွေနဲ့စီးဖူးခဲ့ကြမှာပါ။ အဆင်မပြေမှုတွေ၊ ကောင်းမွန်မှုတွေ အချင်းအချင်းမျှဝေလို့ရအောင် Comment တွေပေးသွားကြပါဦး။

ရိုးလူ၊ မင်းသုခ (အခရာ)

(www.akhayar.com)