UAE နိုင်ငံ Ras Al Khaimah မြို့ရဲ့တရားရုံဟာ ယောက်ျားရဲ့ ဖုန်းကို အခွင့်မရှိဘဲ ကြည့်မိတဲ့ အမျိုးသမီးကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ အမျိုးသားဟာ သူ့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ချိုးဖောက်တဲ့အတွက် ကိုယ့်အမျိုးသမီးကို အခုလိုတရားစွဲဆိုခဲ့တာပါ။

အမျိုးသမီးဟာ ယောက်ျားရဲ့ဖုန်းကို ခိုးကြည့်ရုံမက အချက်အလက်တွေကိုပါ တခြားဖုန်းထဲကို ကူးယူသွားတယ်လို့ စွဲချက်တင်ထားပါတယ်။ ဒါတင်မကဘဲ သူအိပ်ပျော်နေတုန်းမှာ ဖုန်းကို ခဏခဏဝင်ကြည့်တယ်လို့ အခိုင်အမာပြောထားပါသေးတယ်။ အမျိုးသမီးဟာ ယောက်ျားဖုန်းထဲက ဓာတ်ပုံတွေနဲ့ Chat History တွေကို သူမရဲ့ ဖုန်းထဲကို ကူးယူပြီး မောင်နှမတွေကို ပြဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးကတော့ ယောက်ျားဟာ သူ့ဖုန်းကို ဖွင့်ကြည့်ဖို့ ခွင့်ပြုထားပြီးဖြစ်ကြောင်းနဲ့ Password ကိုပါ ပေးပြီးဖြစ်ကြောင်း ပြန်လည်ချေပထားပါတယ်။ သူ့ယောက်ျားဟာ တခြားမိန်းမတစ်ယောက်နဲ့ အီစီကလီလုပ်နေတာကို သိပြီးတော့ အခုလို Password တောင်းခဲ့တာပါလို့ တုံ့ပြန်ခဲ့ပါတယ်။ UAE နိုင်ငံဟာ ကိုယ်ပိုင်လုံခြုံရေးနဲ့ ပတ်သက်လာရင် စည်းကမ်းဥပဒေတင်းကြပ်လွန်းတဲ့နိုင်ငံဖြစ်ပြီး အရွယ်ရောက်သူတစ်ယောက်ရဲ့ဖုန်းကို ဇနီးမယား၊ မောင်နှမ၊ ချစ်သူနဲ့ မိဘတွေကတောင် အခွင့်မရှိဘဲ ခိုးကြည့်လို့မရပါဘူး။ ထောင်ဒဏ်သုံးလ ချမှတ်တာနဲ့ ပတ်သက်ပြီး ဝေဖန်ချက်အမျိုးမျိုး ထွက်ခဲ့ပေမယ့် အမျိုးသမီးကတော့ အယူခံဝင်ဦးမလား စောင့်ကြည့်ရမှာပါ။ မိတ်ဆွေတို့ရော အမျိုးသမီးရဲ့ လုပ်ရပ်နဲ့ ပြစ်ဒဏ်ဟာ မျှတတယ်လို့ မြင်မိလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com