အင်တာမီလန် – အင်တာမီလန်အသင်းဟာ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန် Gundogan ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဂန်ဒိုဂန် ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၄၁)ပွဲကစား (၅)ဂိုးသွင်းယူထားပါတယ်။

ရိုးမား – ရိုးမားကွင်းလယ်လူ ပတ်စတိုရီ Pastore ကိုခေါ်ယူဖို့အတွက် ဘိုကာဂျူနီယာ နဲ့ ရေးဗားပလိတ်အသင်းတွေက အပြိုင်လိုက်နေကြတယ်လို့ သိရပါတယ်။ ပတ်စတိုရီ ဟာ ရိုးမားအသင်းကနေ ထွက်ခွာဖို့ရှိနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် (၁၂)ပွဲကစား (၃)ဂိုးသွင်းယူထားပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း ဂိုးသမား နာဗတ်စ် Navas ဟာ အသင်းမှာဆက်နေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နာဗတ်စ် ဟာ ဇီဒန်း Zidane ရီးယဲလ်မက်ဒရစ်အသင်းနည်းပြပြန်ဖြစ်လာချိန်မှာ ပွဲကစားခွင့်ပြန်ရလာသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပွဲပေါင်း(၁၈)ပွဲပါဝင်ကစားပေးထားပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဒေးဗစ်နီယက်စ် David Neres ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒေးဗစ်နီယက်စ် ဟာ အေဂျက်စ်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် လီဗာပူးလ်နဲ့ အဲဗာတန်အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။

လာလီဂါ – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၃၂)မှာတော့ လီဟာနက်စ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ကြပါတယ်။ လီဟာနက်စ်အသင်းအတွက် ဂိုးကိုတော့ ပွဲချိန်(၄၅)မိနစ်မှာ Silva က သွင်းယူခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၅၁)မိနစ်မှာ ဘန်ဇီမာ Benzema ကသွင်းယူခဲ့တာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com
Photo: Laliga Twitter , Forzaroma.info , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com