ထရမ့်ကတော့ သူ့ရဲ့ရွေးကောက်ပွဲကတိအတိုင်းပဲ အစ္စလမ်နိုင်ငံ ၇ နိုင်ငံက ဒုက္ခသည်တွေနဲ့အလည်အပတ်လာမယ့်သူတွေကို ပြည်ဝင်ခွင့် (Visa) ပိတ်ထားပါတယ်။ အကြမ်းဖက်မှုကိုကာကွယ်နိုင်ဖို့လို့ပြောခဲ့ပေမယ့် အဲ့ဒီနိုင်ငံ ၇ နိုင်ငံပြည်သူတွေဆိုတာကလည်း တကယ့်ဒုက္ခရောက်နေတဲ့သူတွေပါ။ အဲ့ဒီနိုင်ငံတွေအကြောင်းကိုအကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

ဆီးရီးယား

အခုချိန်ထိတော့ ကမ္ဘာပေါ်မှာ ဆီးရီးယားလောက် စစ်ဒဏ်ခံရတဲ့နိုင်ငံမျိုးမရှိသေးပါ။ သန်းနဲ့ချီတဲ့ပြည်သူတွေက စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေတာက ခြောက်နှစ်နီးပါးလောက်ရှိနေတဲ့အပြင် စစ်ပွဲအတွင်းမှာသေဆုံးတဲ့လူ ဦးရေက လေးသိန်းကျော်နေပါပြီ။ စစ်ပွဲတွေကြားမှာ ပြည်သူတွေရဲ့ဘဝက ဘာမှမရေရာသေးသလို ပြောင်းရွေ့ ရလွယ်ကူတဲ့ မိုးကာတဲ့တွေနဲ့နေထိုင်နေရပြီး နိုင်ငံတာကလှူဒါန်းတဲ့ အစားအစာနဲ့ အဝတ်အထည်တွေပေါ်မှာ မှီခိုနေကြရပါတယ်။

အခုလိုမျိုးကြမ်းတမ်းတဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ဆီးရီးယားကဒုက္ခသည်အများစုဟာ အစုလိုက်အပြုံ လိုက်နေရပ်ကိုစွန့်ခွာနေကြပါတယ်။ အများစုကတော့ ဥရောပကိုဦးတည်ပြီးသွားကြပါတယ်။ အိုဘားမားအုပ်ချုပ်တဲ့အချိန်တုန်းကတော့ တစ်နှစ်ကို ဆီးရီးယားကဒုက္ခသည် ၁၀၀၀၀ လောက်အထိလက်ခံနိုင်ဖို့အထိ ပြင်ဆင်ခဲ့ပါသေးတယ်။

ဆီးရီးယားပြည်တွင်းစစ်က အာရပ်နွေဦးတော်လှန်ရေးနဲ့အတူ ၂၀၁၁ ခုနှစ်မှာစခဲ့တာပါ။ ဒါပေမယ့် သူပုန်အုပ်စုတွေက သမ္မတအာဆတ်ကို ဖြုတ်ချနိုင်တဲ့အထိတော့ဖြစ်မလာခဲ့ပါဘူး။ ပြည်တွင်းစစ်အတွင်းမှာ ISIS ပါပျံနှံ့ဝင်ရောက်လာပြီး ရာကာ (Raqqa) မြို့မှာအခြေစိုက်ကာ အီရတ်နိုင်ငံထဲအထိ ခြေဆန့်ခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေအနေနဲ့ ISIS တွေကိုချေမှုန်းဖို့ လေကြောင်းကနေထိုးစစ်ဆင်ခဲ့ပေမယ့် ဆီးရီးယားဟာ ရုရှားနဲ့မဟာမိတ်ဖြစ်နေတာကြောင့် ဝေယင်ပိုင်နက်ကိုအပြည့်အဝအသုံးချခွင့်မရပါဘူး။ ISIS ရဲ့ပိုင်နက်ထဲရောက်နေတဲ့ ဆီးရီးယားပြည်သူတွေအနေနဲ့ကတော့ ဗုံးဒဏ်လည်း အလူးအလဲခံရပါသေးတယ်။

ISIS အုပ်ချုပ်မှုအောက်ရောက်နေတဲ့ ပြည်သူတွေရဲ့ဘဝဟာလည်း တင်းကျပ်ခံရလွန်းပါတယ်။ အမျိုးသမီးတွေဟာ ဘယ်သွားသွားဝတ်ရုံကိုခြုံသွားရသလို အမျိုးသားတွေဟာလည်း မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေးထားဖို့ တွန်းအားပေးခံရပါတယ်။ နောက်ပြီးတော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို အသုံးပြုခွင့်မရှိပါဘူး။ အခုတော့ ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားတာကြောင့် ငြိမ်းချမ်းရေးကို ပြည်သူတိုင်းကတောင့်တနေကြပါတယ်။

အီရတ်

အီရတ်ကတော့ အမေရိကန်ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေစပြီးတော့ အခုချိန်အထိ နို်င်ငံရေး တည်ငြိမ်မှုမရသေးပါဘူး။ အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေဟာ အဲ့ဒီနှစ်တုန်းက အာဏာရှင်ဆာဒမ်ဟူစိန် (Saddam Hussein) ကိုဖမ်းဆီးခဲ့ပြီး အီရတ်နိုင်ငံတရားရုံးချုပ်က သေဒဏ်ပေးကာ ၂၀၀၆ ခုနှစ်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။အီရတ်အစိုးရသစ်က နိုင်ငံကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နိုင်တဲ့၂၀၁၁ ခုနှစ်အထိ အမေရိကန်စစ်အခြေ စိုက်စခန်းတွေထားရှိခဲ့ပြီး  နောက်ပိုင်းမှာတော့ တပ်ဖွဲ့ဝင်ဦးရေကို တဖြည်းဖြည်းလျော့ချခဲ့ပါတယ်။

အီရတ်နိုင်ငံအနေနဲ့ ISIS တွေရဲ့ခြိမ်းခြောက်မှုကိုခံနေရတဲ့အပြင် ၂၀၁၄ ခုနှစ်တုန်းကဆိုရင် ယခင် အမေရိကန်စစ်အခြေစိုက်စခန်းနားမှာ အီရတ်စစ်သား အယောက် ၁၇၀၀ ဟာ ISIS တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုကိုခံခဲ့ရပါတယ်။

အဲ့ဒီလိုဖြစ်ရပ်မျိုးဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ US အနေနဲ့ တပ်ဖွဲ့ဝင်အနည်းငယ်ကိုပြန်လည်စေ လွှတ်ခဲ့ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ မိုဆူး (Mosul) မြို့ဟာ ISIS တွေရဲ့အုပ်ချုပ်မှုအောက်မှာ နှစ်နှစ်နီးပါရောက်ရှိနေပြီး အီရတ်စစ်တပ်ကပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။လူပေါင်း ၁၁၄၀၀၀ လောက်ဟာ သူတို့ရဲ့အိုးအိမ်ကစွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့နှစ်က မြို့တော်ဘဂ္ဂဒက်မှာဖြစ်ပွားခဲ့တဲ့ အသေခံကားဗုံးခွဲတစ်ခုထဲတင် သေဆုံးခဲ့သူ ၂၀၀ ကျော်ရှိပါတယ်။ ဒါဟာစစ်ဒဏ်ကြာရှည်စွာခဲ့စားနေရတဲ့ အီရတ်မြို့တော်မှာ လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ဗုံးခွဲမှုပါ။ ISIS တွေကတော့ သူတို့လုပ်ဆောင်တာလို့ကြေငြာထားပါတယ်။ အမေရိကန်စစ်တပ်အတွက် စကားပြန်လုပ်ပေးခဲ့ဖူးတဲ့သူတွေနဲ့ အကူအညီပေးခဲ့ဖူးတဲ့လူတွေဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေကြပါတယ်။ ရန်သူကိုကူညီတဲ့အတွက် ISIS တွေအဖမ်းခံရရင်တော့ နှိပ်စက်ခံရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ကံကြမ္မာကလည်း စိုးရိမ်ရပါတယ်။

အီရန်

စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် အီရန်ရဲ့ရေနံစီးပွားရေးလုပ်ငန်းတွေဟာ ဆယ်စုနှစ်အေ တ်ာကြာအောင် ကျဆင်းခဲ့ရပြီး အလုပ်လက်မဲ့ဦးရေလည်းများပြားလာပါတယ်။ နိုင်ငံရဲ့နယူးကလီးယားအစီအစဉ်အပေါ် IAEA နဲ့သဘောတူညီချက်ရပြီးတဲ့နောက်မှာတော့ စီးပွာရေးပြန်လည်ဦးမော့ဖို့ကြိုးစားနေပါတယ်။ အီရန်နိုင်ငံကပြည်သူတွေဟာ သမ္မတကိုရွေးကောက်တင်မြောက်နိုင်ပေမယ့် ရှီးယားဘာသာသာရေးဥပေဒေအရ နိုင်ငံရေးမှာ ဘာသာရေးခေါင်းဆောင်ကပိုပြီးတော့ အဓိကကျပါတယ်။ ဘာသာရေးတင်းကျပ်တဲ့နိုင်ငံဖြစ်တာကြောင့် လူအခွင့်အရေးဆုံးရှုံးတယ်တို့၊ မီဒီယာလွတ်လပ်ခွင့်မရှိဘူးဆိုပြီးတော့ ကျယ်ကျယ်လောင်လောင်ဝေဖန်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ယီမင်

ယီမင်ကလည်း ပြည်တွင်းစစ်ဒဏ်ခံနေရတာ နှစ်နှစ်ကျော်ပါပြီ။ မီဒီယာတွေက ဆီးရီးယားကိုအာရုံရောက် နေတာကြောင့် ယီမင်အကြောင်းကလူသိနည်းသွားပါတယ်။ စစ်အတွင်းမှာ ကျောင်းတွေ၊ဆေးရုံတွေအများ အပြားဟာ ဗုံးကြဲတိုက်ခိုက်ခံခဲ့တဲ့အပြင် နိုင်ငံရေးအခြေအနေကလည်း ဗရမ်းဗတာဖြစ်သွားပါတယ်။ နိုင်ငံရဲ့အချို့အစိတ်အပိုင်းတွေက စစ်သွေးကြွ ISIS လက်အောက်ကိုရောက်နေတာပြီး ပြန်သိမ်းပိုက်နိုင်ဖို့မလွယ်သေးပါဘူး။

You May Also Like: “ပွင့်လင်းမြင်သာမှုအဆင့် အနည်းငယ်မြင့်တက်လာတဲ့ မြန်မာနိုင်ငံ”

လစ်ဗျား

လွန်ခဲ့တဲ့ငါးနှစ်တုန်းကဆိုရင် လစ်ဗျားဆိုတာက အာဖရိကမှာ နိုင်ငံရေးတည်ငြိမ်တဲ့အပြင် ချမ်းသားကြွယ်ဝတဲ့နိုင်ငံတစ်ခုပါ။ ဒါပေမယ့် ၂၀၁၁ မှာ စတင်ဖြစ်ပွားခဲ့တဲ့အာရပ်နွေဦးတော်လှန်ရေးနဲ့အတူ လစ်ဗျားရဲ့တည်ငြိမ်မှုတွေလည်း ပါသွားခဲ့ပါတယ်။ ဂါဒါဖီကိုဖြုတ်ချနိုင်ခဲ့ပေမယ့် တည်ငြိမ်တဲ့နိုင်ငံရေးအခြေ အနေကို ပြန်လည်မတည်ဆောက်နိုင်ခဲ့ပါဘူး။ အခုတော့ ISIS စစ်သွေးကြွတွေရဲ့အခြေစိုက်အများအပြားရှိ နေတဲ့နိုင်ငံဖြစ်သလို တိုက်ပွဲတွေကလည်း မပြီးဆုံးသေးပါဘူး။

ဆိုမာလီယာ

ဆိုမာလီယာလို့ပြောလိုက်တာနဲ့ ပင်လယ်ဓါးပြတွေကို ပြေးမြင်ကြမှာပါ။ ပြည်တွင်းစစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ အာဏာရှင် Siad Barre ရဲ့အုပ်ချုပ်မှုအောက်ကို ၁၉၉၁ ခုနှစ်မှာရောက်ရှိခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုနီးပါးလောက်က လက်နက်ကိုင်ပဋိပက္ခတွေကိုရင်ဆိုင်ခဲ့ရတာကြောင့် နိုင်ငံရဲ့အရေးပါတဲ့အခြေခံအဆောက်အအုံ တော်တော်များများပျက်စီးခဲ့ရပါတယ်။ ၂၀၁၂ ခုနှုစ်မှာ အစိုးရအသစ်တက်လာခဲ့ပေမယ့် နိုင်ငံရေးအခြေအနေတွေက တည်ငြိမ်မှုမရှိသေးပါဘူး။

ဆူဒန်

၂၀၀၃ ခုနှစ်၊ ဒါဖာပဋိပက္ခ (Darfur conflict) စတင်ခဲ့တဲ့နောက်ပိုင်းမှာတော့ ဆူဒန်ရဲ့နိုင်ငံရေးအခြေအနေကဆိုးဝါးခဲ့ပါတယ်။ သူပုန်တွေကတစ်ဖက် အစိုးရကတစ်ဖက်နဲ့တိုက်ပွဲတွေကမပြီးဆုံးနိုင်ပါဘူး။ အသေအပျောက်လည်းများခဲ့ပြီး ကုလသမဂ္ဂရဲ့ထုတ်ပြန်တဲ့စာရင်းတွေအရ ဒါဖာပဋိပက္ခအတွင်းမှာ သေဆုံးခဲ့တဲ့လူ ၃၀၀၀၀၀ ကျော်ပါတယ်။ ဆူဒန်နိုင်ငံရဲ့သမ္မတ Omar al-Bashir ဟာလည်း ဒါဖာပဋိပက္ခအတွင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့  နိုင်ငံတကာခုံရုံးမှာ တရားစွဲခံခဲ့ရပါတယ်။ တောင်ဆူဒန်နိုင်ငံဆိုပြီးတော့ ခွဲထွက်မှုလည်းကြုံခဲ့ရပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)

Credit: CNN