ဗီယက်နမ်ဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လည်ပတ်လို့ အကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုပါ။ Ha long Bay (ဟလောင်းပင်လယ်အော်) ကို သွားမလား၊ ဗီယက်နမ်ရိုးရာ အစားအစာတွေ စားမလား၊ ဗီယက်နမ်စစ်ပွဲတုန်းက တူးမြောင်းတွေ၊ စစ်နဲ့ ပက်သက်တာတွေ သွားလေ့လာမလား၊ ဗီယက်နမ်ပျိုဖြူချောလေးတွေရဲ့ အလှကိုပဲ ခံစားမလား ပြောရရင်တော့ ဒီလို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဗီယက်နမ်ပါ။

သွားရေးလာရေးအတွက်လည်း မပူရဘဲ ဟော အခုဆို ဗီယက်နမ် Airline VietJet ကနေပါ ရန်ကုန် – ဟနွိုင်း – ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲနေပြီဆိုတော့ ဗီယက်နမ်သွားချင်တယ်ဆို ရေကန်အသင့် ကြာအသင့်ပေါ့ဗျာ။

ဒီ ခရီးစဉ်စတင်ပြီဆိုတာနဲ့ မြန်မာနိုင်ငံက ခရီးသွားတွေဟာ  One Way Ticket တစ်စောင်ကို အခွန်အခတွေမပါ မြန်မာငွေ ၁၂,၀၀၀ ကျပ် (USD 9.00)  လောက်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ် စတင်ပြေးဆွဲမယ့်ရက်ကိုတော့ သြဂုတ်လ ၃၁ ရက် ၂၀၁၇ ခုနှစ်လို့ သတ်မှတ်ထားပြီး မြန်မာနဲ့ ဗီယက်နမ်နှစ်နိုင်ငံကြား ရန်ကုန် – ဟိုချီမင်း ခရီးစဉ်အပြီးမှာ နောက်ထပ်ပေါ်ထွက်လာမယ့် ခရီးစဉ်လမ်းကြောင်းတစ်ခုဖြစ်မှာပါ။ ခရီးစဉ်ကြာချိန်တစ်ကြောင်းကို ၁နာရီ ၅၅ မိနစ်လောက်ကြာမှာ ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟုတ်ပြီ.. VietJet ရှိတာတော့ ဟုတ်ပါပြီပေါ့။ ဟနွိုင်းရောက်တော့ရော ဘယ်သွားလည်ရမတုန်းလို့ မေးလာရင် ကျွန်တော်တို့ အခရာက ဒီလိုလေး ဒီနေရာလေးတွေ သွားဖို့ ညွှန်းချင်ပါတယ်။

 

၁။ Temple of Literature

The-Temple-Of-Literature-

ဟနွိုင်းမှာ တည်ရှိပြီး ဒီ ရင်သပ်ရှုမောဖွယ်ဘုရားကျောင်းဟာ တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကို ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၁၁ ရာစုနှစ်တည်းက တည်ရှိခဲ့ထားပြီး ဒီစာပေအနုပညာဘုရားကျောင်းဟာ ဗီယက်နမ်လူမျိုးတွေရဲ့ အတိတ်နဲ့ လက်ရှိပစ္စုပ္ပန်ရဲ့ များပြားလှတဲ့ စာပေအောင်မြင်မှုတွေကို တွေ့နိုင်ပြီး နိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်နယ်မြေလို့တောင် တင်စားပြီး ပြောဆိုနိုင်ပါတယ်။ အဲဒီကို သွားမယ်ဆိုရင်တော့ မရေမတွက်နိုင်တဲ့ ကွန်ဖြူးရှပ်ရုပ်တုတွေ၊ အံ့သြဘနန်းဘုရားစေတီတွေနဲ့ ရေကန်တစ်ခုကို တွေ့မြင်နိုင်မှာပါ။

 

၂။ Ho Chi Minh Museum

ဟနွိုင်းမြို့ Ba Dinh ရင်ပြင်မှာ တည်ရှိတဲ့ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ အမှတ်တရပြတိုက်ဖြစ်ပါတယ်။ “Uncle Ho” အန်ကယ်ဟိုလို့ ချစ်စနိုးခေါ်ကြတဲ့ Ho Chi Min ဟာ ဗီယက်နမ်ရဲ့ အကြီးအကျယ်ဆုံး ခေါင်းဆောင်ကြီးဖြစ်ပြီးတော့ ဒီပြတိုက်ဟာဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်စရာနေရာတစ်ခုထက်ပိုပြီးတော့ တကယ့်ကို သူ့ရှင်သန်ခဲ့မှုရဲ့ အစိတ်အပိုင်းတစ်ခု၊ ဗီယက်နမ်လူမျိုးတွေနဲ့ သူ့အကြား ရှည်ကြာလှတဲ့ အမှတ်တရဖြစ်ရပ်တွေ တည်ရှိရာ၊ နောက်ဆုံး သူခေါင်းချရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဆောက်အဦးပုံစံဒီဇိုင်းကိုတော့ မော်စကိုမှာရှိတဲ့ လီနင်ရဲ့ ဗိမာန်အပြီးမှာ ဒီဇိုင်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

You May Also Like : “ကမ္ဘာ့အဆိုးရွားဆုံး Airline အဖြစ် Jetstar မှတ်တမ်းဝင်

 

၃။ Hanoi Old Quarter

Hanoi မှာ သွားသင့်တဲ့ နောက်တစ်နေရာကတော့ Old Quarter လို့ လူသိများတဲ့ Hoan Kiem ဒေသဖြစ်ပြီးတော့ မြို့တော်ရဲ့ စီးပွားရေးအချက်အချာနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကို အဓိကဆွဲဆောင်ရာနေရတာ တစ်ခုလည်း ဖြစ်ပါတယ်။ ဟနွိုင်းရဲ့ အမြင်ရအများဆုံး မြင်ကွင်းကတော့ စကူတာတွေ၊ စက်ဘီးတွေ၊ ကားတွေနဲ့ ခြေကျင်သွားလာသူတွေ ပျားပန်းခတ်လှုပ်ရှားနေတဲ့ မြင်ကွင်းဖြစ်ပြီး ဒီ Old Quarter မှာလည်း လမ်းလျှောက်ရမှာ ဖြစ်ပေမယ့် နယ်မြေဒေသကို လူးလာစူးစမ်းရင်း သမိုင်းဝင်နေရာတွေကို ကြည့်ရှုနိုင်တဲ့အတွက် သွားကို သွားသင့်တဲ့ နေရာတစ်ခုမှာ ပါဝင်ပါတယ်။

 

၎။ Vietnam Museum of Ethnology (ဗီယက်နမ်လူမျိုးစုရေးရာ ပြတိုက်)

သမိုင်းကြောင်းလေ့လာသူတွေနဲ့ ပြတိုက်တွေ လှည့်လည်ကြည့်ရှုရတာ ဝါသနာပါတဲ့ သူတွေတော့ အကြိုက်တွေ့မယ့် နေရာပါ။ ဒီဟနွိုင်းမှာ ရှိတဲ့ လူမျိုးစုပြတိုက်ဟာ ဗီယက်နမ်ရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို နိုင်ငံအဆင့် စုစည်းပြသထားတဲ့ နေရာလည်း ဖြစ်ပါသေးတယ်။ ပြတိုက်မှာ ဆိုရင်တော့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အိမ်ပုံစံတွေ၊ ရိုးရာဝတ်စုံတွေကို ကြည့်ရှုနိုင်ပါသေးတယ်။

 

၅။ Water Puppet theatre (ရေရုပ်သေးဇာတ်ရုံ)

ရုပ်သေးပညာတွေထဲကမှ ဒီ ဗီယက်နမ်တွေရဲ့ မတူကွဲပြားတဲ့ အနုပညာပုံစံကို ဟနွိုင်းမြို့ရဲ့ များပြားလှတဲ့ ဇာတ်ရုံတွေမှာ တွေ့ရှိနိုင်ပါတယ်။ မူလပထမနဲ့ မြို့မှာ အကောင်းဆုံးလို့ လူသိများတာကတော့ Thang Long ရုပ်သေးရုံ ဖြစ်ပါတယ်။ တင်ဆက်ပြသပုံကတော့ ရုပ်သေးရုပ်တွေဟာ ရေထဲမှာ ကပြဖျော်ဖြေကြပြီး ရုပ်သေးဆရာကတော့ ကန့်လန့်ကာနောက်ကွယ်က ထိန်းချုပ်တဲ့ ပုံမျိုးပါပဲ။

မူလဖြစ်ပေါ်လာပုံကတော့ ဗီယက်နမ်ကျေးလက်ဒေသတွေရဲ့ ရေဖုံးနေတဲ့ စပါးခင်းတွေဆီက ဆင်းသက်လာတာဖြစ်ပြီး ယခုအခါမှာတော့ လူပြုလုပ်ထားတဲ့ ရေကန်ငယ်လေးတွေမှာ တင်ဆက်ပြသကြပါတယ်။

ဒီသွားစရာလာစရာတွေ အပြင် ဗီယက်နမ်ရောက်ရင် ဗီယက်နမ်ကော်ဖီနဲ့ ဗီယက်နမ်ခေါက်ဆွဲ “Pho” တို့ကို မြည်းစမ်းကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလောက်ဆိုရင်တော့ နိုင်ငံခြားခရီးလည်း သွားချင်၊ သိပ်ဝေးဝေးလံလံလည်း မသွားချင်ဘူးဆိုတဲ့ သူတွေအတွက် ဗီယက်နမ်ကို ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားကြည့်လို့ ရပြီိလို့ ထင်ပါတယ်ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com