ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကာလက ပိတ်သိမ်းသွားပြီဖြစ်ပေမယ့် လာလီဂါ ၊ စီးရီးအေ ၊ ဘွန်ဒစ်လီဂါ နဲ့ လီဂူးပြိုင်ပွဲတွေရဲ့ အပြောင်းအရွှေ့ကာလကတော့ စက်တင်ဘာ (၂)ရက်နေ့မှ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် ဒီအတောအတွင်း နာမည်ကျော်ကစားသမားတွေရဲ့ အပြာင်းအရွှေ့တွေကို မြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ အခု ဒီ Article မှာတော့ ဥရောပ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အသင်းပြောင်းရွှေ့နိုင်ခြေရှိသူတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Coutinho

ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို Coutinho ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ အပြောင်းအရွှေ့ကသေချာသလောက်ဖြစ်နေပါပြီ။ မနေ့ကဆို ကော်တင်ဟို မြူးနစ်ကို ရောက်ရှိနေတဲ့ ပုံတွေမြင်တွေ့ခဲ့ရတာကြောင့် ဂျာစီကိုင်ဖို့ လောက်ပဲ ရှိတော့တယ်လို့ ပြောရမှာပါ။ ကော်တင်ဟို ဟာ ဘိုင်ယန်မြူးနစ်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့မှာဖြစ်သလို အငှားကာလပြီးရင် အပြီးသတ်ပြောင်းရွှေ့ဖို့လည်း ရှိနေပါတယ်။ ဘာစီလိုနာအသင်းမှာ အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကော်တင်ဟို ဘိုင်ယန်မြူးနစ်အသင်းမှာ အောင်မြင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Emre Can

ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ အမ်မရီချန် Emre Can ဟာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။ အဓိကအကြောင်းအရင်းကတော့ အမ်မရီချန် ဟာ နည်းပြဆာရီ Sarri ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တာကြောင့်ဖြစ်ပါတယ်။ အမ်မရီချန် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိလာသူဖြစ်သလို အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ များပြားတာကြောင့် အမ်မရီချန် အနေနဲ့ ပုံမှန်နေရာရဖို့ ဆိုတာကတော့ ဘယ်လိုမှကိုမလွယ်ကူပါဘူး။

Eriksen

စပါးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၀င်ရောက်ကစားနေပေမယ့် အဲရစ်ဆင် Eriksen ရဲ့ အနာဂတ်ကတော့ တိကျမှုမရှိသေးပါဘူး။ လက်ရှိ အနေအထားတွေအရ အဲရစ်ဆင် ဟာ အသင်းကနေ ထွက်ခွာပြီး စပိန်မြေကိုပြောင်းဖို့ ဆန္ဒရှိနေသလို စပါးအသင်းကလည်း ထိုက်တန်တဲ့ ကမ်းလှမ်းမှုကို ရရင်ရောင်းချသွားဖို့ ရှိနေပါတယ်။ အခုဆိုရင် ရီးယဲလ်အသင်းက အဲရစ်ဆင် ကို ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ အသင့်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိလိုအပ်ချက်ကတော့ ကွင်းလယ်တိုက်စစ်အားသန် ကစားသမားဖြစ်ပြီး ဒီလိုအပ်ချက်က အဲရစ်ဆင် နဲ့ ကွက်တိသွားကြနေပါတယ်။ ဒီအပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်ပေါ်လာရင်တော့ အားလုံးအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာမှာ သေချာပါတယ်။

အခု ပရိသတ်တွေအတွက် ဥရောပ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အသင်းပြောင်းရွှေ့နိုင်ခြေရှိသူများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာပါ။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Photo: Eriksen Facebook , Coutinho Facebook , Mediagol , Liverpool.no
Ko Kyue(Akhayar)
www.akhayar.com