ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကာလက ပိတ်သွင်းသွားပြီဖြစ်ပေမယ့် လာလီဂါ ၊ စီးရီးအေ ၊ ဘွန်ဒစ်လီဂါ နဲ့ လီဂူးပြိုင်ပွဲတွေရဲ့ အပြောင်းအရွှေ့ကာလကတော့ စက်တင်ဘာ (၂)ရက်နေ့မှ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် ဒီအတောအတွင်း နာမည်ကျော်ကစားသမားတွေရဲ့ အပြာင်းအရွှေ့တွေကို မြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ အခု ဒီ Article မှာတော့ ဥရောပ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အသင်းပြောင်းရွှေ့နိုင်ခြေရှိသူတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Icardi

အင်တာမီလန် တိုက်စစ်မှူး အီကာဒီ Icardi ဟာ အသင်းကနေ ဘယ်အချိန်ထွက်မလဲဆိုတာကို စောင့်နေရတဲ့ ပုံစံမျိုးလို့ပဲ ပြောချင်ပါတယ်။ လက်ရှိမှာ အသင်းကို လူကာကူ Lukaku ရောက်ရှိလာတာကြောင့် သူ့ရဲ့အနာဂတ်ဟာ အင်တာမီလန်အသင်းမှာ မရှိတော့ဘူးလို့ပဲ ယူဆကြရပါလိမ့်မယ်။ အခု အပြောင်းအရွှေ့ကာလမှာ အီကာဒီ ဟာ အသင်းတော်တော်များများနဲ့ အသံတွေထွက်ခဲ့ပေမယ့် လတ်တလောမှာတော့ မိုနာကိုအသင်းနဲ့ သတင်းတွေထွက်နေပါတယ်။ မိုနာကိုအသင်းဟာ အီကာဒီ အတွက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုဖို့ ရှိတယ်လို့ သတင်းတွေက ဖော်ပြေနေကြတာကြောင့် ဒီအပြောင်းအရွှေ့ကဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Dybala / Neymar

လက်ရှိမှာတော့ ဒီကစားသမား (၂)ယောက်ရဲ့ အပြောင်းအရွှေ့က ဆက်စပ်မှုရှိနေပါတယ်။ အခု အပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ်အသင်းဟာ ဒီဘားလား ကို ရောင်းချလိုနေပြီး မန်ယူ ၊ စပါးအသင်းတွေနဲ့ နီးစပ်ခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒကြောင့်သာ အပြောင်းအရွှေ့ကဖြစ်မလာခဲ့တာပါ။ ဒီလိုအချိန်မှာ PSG က ဒီဘားလား ကိုခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အခုဆိုရင် ပေါင်(၇၃)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ PSG အသင်းနည်းပြတူဟယ်လ် Tuchel ကလည်း အစားထိုးနိုင်မယ့် ကစားသမားမရှိဘဲ နေမာ Neymar ကို အဆုံးရှုံးမခံနိုင်ဘူးလို့ ပြောကြားခဲ့တာကြောင့် ဒီဘားလား ကိုသာခေါ်ယူနိုင်ခဲ့ရင်တော့ နေမာ ကို လက်လွှတ်လိုက်ဖို့ ရှိနေပါတယ်။ နေမာ ကိုခေါ်ယူလိုတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကလည်း သူ့ကိုခေါ်ယူဖို့အတွက် ငွေကြေးအပြင် ကစားသမားအလိုက်လည်း ပေးသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့တွေသာဖြစ်လာခဲ့ရင်တော့ PSG အသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့လှုပ်ဆောင်မှုတစ်ခုဖြစ်လာမှာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ နေမာ အတွက် ရမယ့် ပြောင်းရွှေ့ကြေးဟာ ဒီဘားလား ကို ခေါ်ဖို့ရည်ရွယ်ထားတဲ့ ပြောင်းရွှေ့ကြေးထက်ပိုများသလို နေမာ ပြောင်းတဲ့အသင်း ( ရီးယဲလ် သို့ ဘာစီလိုနာ ) ဆီကနေလည်း ကစာသမားကောင်းတွေ ရဦးမှာဖြစ်လို့ပါပဲ။

Sanchez

အင်တာမီလန်နဲ့ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez တို့ရဲ့ အနေအထားဟာ ကောလာဟလကနေ တဖြည်းဖြည်းနဲ့ ယုံကြည်ရလောက်မယ့် သတင်းအခြေအနေမျိုးဖြစ်လာပါတယ်။ ဒါကတော့ အင်တာမီလန်အသင်းဟာ ဆန်းချက်ဇ် ကို အငှားနဲ့ ခေါ်ယူလိုနေတာပါပဲ။ လက်ရှိမှာတော့ သတင်းတွေက မျိုးစုံထွက်ပေါ်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာပါ။ လူကာကူ ထွက်ခွာသွားတဲ့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ် Rashford ၊ မာစီယဲလ် Martial ၊ ဆန်းချက်ဇ် နဲ့ ဂရင်းဝုဒ် Greenwood တို့သာရှိတော့ပြီး ဒီတိုက်စစ်အစုအဖွဲ့နဲ့ ဘောလုံးရာသီရှည်ကြီးကို ဖြတ်သန်းမှာဖြစ်တာကြောင့် ဒီလိုအချိန်မှာ ဆန်းချက်ဇ် ကို ထွက်ခွာခွင့်ပေးလိုက်ရင် မန်ယူအသင်းရဲ့ လုပ်ဆောင်ပုံက အမှားအယွင်းကြီးသွားလိမ့်မယ်လို့ ယူဆထားပါတယ်။

ဥရောပ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အသင်းပြောင်းရွှေ့နိုင်ခြေရှိသူများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Photo: Blasting News , TeleAmbiente , The Independent
Ko Kyue(Akhayar)
www.akhayar.com