ပြီးခဲ့တဲ့ရာသီတုန်းက ကစားသမားသစ်မခေါ်ဘဲနဲ့ တစ်ရာသီလုံး တိုက်ပွဲဝင်ခဲ့တဲ့စပါးအသင်း ဒီနွေရာသီမှာတော့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဒွန်ဘီလီ Tanguy Ndombele ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်း(ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၁၀ သန်း ပေးရမည်)နဲ့ ခေါ်ယူလိုက်ပါပြီ။ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ဒွန်ဘီလီကို မန်ယူ၊ ဂျူဗင်တပ်စ်၊ ရီးယဲလ်အသင်းတို့က ပစ်မှတ်ထားခဲ့ပေမယ့် စပါးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာပါ။ ဒီလိုအသင်းကြီးတွေကို ပစ်ပယ်ပြီး စပါးအသင်းကို ရွေးချယ်ခဲ့တဲ့အကြောင်းရင်းကို ဒွန်ဘီလီက အခုလိုဝန်ခံခဲ့ပါတယ်။ “စပါးအသင်းက ထိပ်သီးအသင်းတစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၄)၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တယ်။ စပါးအသင်းလိုမျိုး အသင်းကြီးတွေအများကြီးပါ။ ဒါပေမဲ့ အသင်းကြီးတစ်သင်းရဲ့ စိတ်ဝင်စားမှုကို ဘယ်ကစားသမားက ငြင်းဆန်နိုင်မှာလဲ”

ဒွန်ဘီလီရဲ့ ခြေစွမ်းအကြောင်းမပြောခင် သူ့ရဲ့ ဘ၀အစကို အရင်ဆုံး ပြောချင်ပါတယ်။ ငယ်ငယ်တုန်းက အ၀လွန်နေလို့ ကလပ်အသင်းတော်တော်များရဲ့ ငြင်းဆန်ခြင်းခံခဲ့ရသူ၊ ၂၀၁၆ ခုနှစ်တုန်းက အာမီယန်လို မထင်မရှား ပြင်သစ်ကလပ်မှာ ကစားခဲ့ရတဲ့ကောင်လေးတစ်ဦးဟာ (၃)နှစ်အကြာမှာပဲ စပါးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဖြစ်လာခဲ့ပါပြီ။ ၂၀၁၇ ခုနှစ်တုန်းက အေဂျက်စ်နောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ် Davinson Sánchez ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်းနဲ့ ခေါ်ယူအပြီး (၂)နှစ်အကြာမှာပဲ နောက်ထပ် ကလပ်စံချိန်တင်ပမာဏနဲ့ စပါးအသင်း ကစားသမားသစ် ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒွန်ဘီလီရဲ့ စွမ်းဆောင်ရည်ကို တစ်ချက်ကြည့်လိုက်ရအောင် … ဒွန်ဘီလီဟာ ၂၀၁၈-၁၉ ရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၈)ပွဲကစား (၂)ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၇)ကြိမ်ပြုလုပ်ခဲ့တယ်။ တစ်ပွဲပျမ်းမျှ ဘောလုံးဖျက်ထုတ်မှု (Tackles)က (၂.၃)ကြိမ်၊ ဘောလုံးကို ကြားဝင်လုယူနိုင်မှု (Interceptions) က (၁.၁)ကြိမ်၊ တစ်ပွဲပျမ်းမျှ အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှုအကြိမ်ပေါင်းက (၂.၃)ကြိမ်အထိ ရှိခဲ့ပြန်တယ်။ဒါတင်မကသေးပါဘူး။ Key Pass တွေ ပေးပို့မှုကလည်း တစ်ပွဲကို (၁.၄)ကြိမ်၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှုပေါင်း (၈၉)ရာခိုင်နှုန်း၊ တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှုအကြိမ်က (၁.၁)ကြိမ်ရှိခဲ့တယ်။ သူ့ရဲ့ ကစားဟန်အရ ချယ်လ်ဆီးအသင်း နာမည်ကျော်ကစားသမားဟောင်း အက်ဆီယန် Michael Essien လက်သစ်လို့ တင်စားခံထားရပြီး Box To Box ကစားနိုင်တဲ့အပြင် Skill ၊ Technique ၊ Vision ၊ Power ကောင်းတဲ့သူတစ်ဦးပါပဲ။ ဒါပေမဲ့ အဝေးကန်ချက်တွေမှာတော့ တော်တော်လေးအားနည်းလွန်းတယ်။

Deeper-lying midfielder အဖြစ် ကစားနိုင်သူဖြစ်ပြီး (၄-၂-၃-၁)ပုံစံနဲ့ ကစားလေ့ရှိတဲ့ စပါးအသင်းကွင်းလယ်အတွက် အသင့်တော်ဆုံးကစားသမား ဖြစ်လာပါလိမ့်မယ်။ စပါးအသင်းကတော့ အသက်(၂၂)နှစ်အရွယ် လူငယ်ကစားသမားတစ်ဦးကို ယုံယုံကြည်ကြည်နဲ့ ငွေပုံပေး ခေါ်ယူလိုက်ပါပြီ။ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရမယ့် ဖိအား၊ ကလပ်စံချိန်တင်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး ဒွန်ဘီလီ ပြသနိုင်မှာလားဆိုတာကတော့ . . .

REF:talksport
Photo:Tottenham Hotspur Facebook,Tanguy Ndombele Facebook
Naing Linn(Akhayar)
www.akhayar.com