လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒီတော့ ဘောလုံးပွဲတွေကို တာဝန်ယူတဲ့ ဒိုင်လူကြီးတွေဟာလည်း လူသားတွေဖြစ်ကြတာကြောင့် အမှားအယွင်းတွေပြုလုပ်လေ့ရှိတာ သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် မမှားသင့်တဲ့ အမှားကို မှားရင်တော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ကြရမှာပါပဲ။ အခု ဒီ Article မှာတော့ ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အမှားအယွင်းများ (၂)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အင်္ဂလန်နာမည်ကျော် ကွင်းလယ်ဒိုင် ဂရေဟမ်ပူးလ် Graham Poll ဟာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။ သူ့ရဲ့အမှားကတော့ ရယ်ရွှင်ဖွယ်ဖြစ်ပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂရေဟမ်ပူးလ် ဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခရိုအေရှား(၂-၂)သြစတြေးလျ အုပ်စုပွဲစဉ်မှာ ခရိုအေရှားနောက်ခံလူ Šimunić ကို အ၀ါကတ်(၃)ကြိမ်ပြပြီးမှ အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရှားရှားပါးပါးအမှားဖြစ်ပြီး အံအားသင့်စရာလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သလို (၂)သင်းပေါင်း အနီကတ်(၃)ကတ်အထိ သုံးခဲ့ရတာကြောင့်လည်း ဂရေဟမ်ပူးလ် မှတ်ရရှုပ်သွားတယ်လို့ ထင်မိပါတယ်။

အခုဆက်ပြီး ဖော်ပြပေးမယ့် အမှားကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကွင်းလယ်ဒိုင် မာရီနာ Andre Marriner ရဲ့ အမှားပဲဖြစ်ပါတယ်။ သူ့ရဲ့အမှားကတော့ လူမှားပြီး အနီကတ်ပြခဲ့တာပါ။ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကစားသမား ချိန်ဘာလိန် Chamberlain ဟာ ဂိုးရှေ့မှာ ဘောလုံးကိုလက်နဲ့ ပုတ်ထုတ်ခဲ့ပေမယ့် မာရီနာ က လူမှားပြီး ကီရန်ဂစ်ဘ် Gibbs ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ဒီအနီကတ်ကြောင့် ကစားသမားတွေအားလုံး အံအားသင့်ခဲ့ရသလို နောက်ပိုင်းမှာတော့ မာရီနာ ဟာ သူ့ရဲ့ အမှားအတွက်ပြန်လည် တောင်းပန်ခဲ့ပါတယ်။

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်မှာ အိမ်ရှင်တောင်ကိုရီးယားအသင်းဟာ နာမည်ကြီး အီတလီအသင်းကို အချိန်ပိုမှာ (၂-၁)နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကတော့ အီကွေဒေါဒိုင်လူကြီး မိုရီနို Moreno ပဲဖြစ်ပါတယ်။ မိုရီနို ရဲ့အဲဒီပွဲစဉ် ဆုံးဖြတ်ချက်တွေဟာ အိမ်ရှင်တောင်ကိုရီးယား ဘက်ကို ပါလွန်းပြီး အီတလီအသင်းအတွက် တော်တော်လေးကို နစ်နာခဲ့ပါတယ်။ ပြောရရင်တော့ ကွင်းလယ်ဒိုင်ရဲ့ လုပ်ဆောင်ပုံတွေကြောင့် အီတလီအသင်းဟာ ပွဲကိုတော်တော်လေး သတိထားကစားခဲ့ရပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အခုထက်ထိ အမှတ်ရနေမယ့် အရာကတော့ အ၀ါကတ်တစ်ကြိမ်ထိထားတဲ့ အီတလီတိုက်စစ်ကစားသမား တော့တီ Totti ကို ပယ်နယ်တီ ဧရိယာထဲမှာ (အမှန်ကတယ် ပြစ်ဒဏ်ကျူးလွန်ခံရ) ဟန်ဆောင်လှဲချတယ်ဆိုပြီး နောက်တစ်ကြိမ် အ၀ါကတ်ပြပြီး (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။

ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အမှားအယွင်းများ (၁)ဖတ်ရန်လင်ခ့်

Photo: Goal.com , Sport English , Daily Mail
Ko Kyue(Akhayar)
www.akhayar.com