လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒီတော့ ဘောလုံးပွဲတွေကို တာဝန်ယူတဲ့ ဒိုင်လူကြီးတွေဟာလည်း လူသားတွေဖြစ်ကြတာကြောင့် အမှားအယွင်းတွေပြုလုပ်လေ့ရှိတာ သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် မမှားသင့်တဲ့ အမှားကို မှားရင်တော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ကြရမှာပါပဲ။ အခု ဒီ Article မှာတော့ ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အမှားအယွင်းများ (၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ် ဂျာမနီ(၄-၁)အင်္ဂလန်ပွဲကို ပရိသတ်တွေ မှတ်မိဦးမယ်လို့ ထင်ပါတယ်။ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို ယှဉ်ကစားနိုင်စွမ်းမရှိခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူ လမ်းပတ် Lampard ရဲ့ကန်ချက်က ဘားတန်းထိပြီး ဂိုးထဲဝင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် Larrionda ကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ အင်္ဂလန်အသင်းအတွက် တော်တော်လေးကို နစ်နာခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ဒီဂိုးကိုသာ ခွင့်ပြုပေးခဲ့ရင် ပွဲအဖြေက တစ်မျိုးတစ်ဖုံပြောင်းလဲ သွားနိုင်ပါတယ်။ ဒီဂိုးဟာ VAR ဖြစ်လာဖို့အတွက် အစကနဦးလို့ ပြောရပါလိမ့်မယ်။

နယ်သာလန်ကွင်းလယ်လူ ဒီယွန်း De Jong ရဲ့ ကွန်ဖူးကန်ချက်ကိုတော့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ စပိန်ကွင်းလယ်လူ အလွန်ဆို Alonso ရဲ့ ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခုန်ကန်ခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် ဟောင်းဝပ်ဝက်ဘ် Howard Webb ကတော့ ဒီယွန်း ကို အ၀ါကတ်သာပြခဲ့ပါတယ်။ အဲဒီအချိန်က ဟောင်းဝပ်ဝက်ဘ် ဟာ ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ် ရပ်တည်နေပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲရဲ့ Play-off ဒုတိယအကျော့ ပြင်သစ် – အိုင်ယာလန်ပွဲမှာလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် အိုင်ယာလန်အသင်းရဲ့ ကမ္ဘာ့ဖလားအိမ်မက်ဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ပြင်သစ်အသင်း ပွဲချိန်(၁၀၃)မိနစ်မှာ ရရှိခဲ့တဲ့ ဂါးလက်စ် Gallas ရဲ့ သွင်းဂိုးဟာ တိုက်စစ်မှူး အွန်နရီ Henry လက်နဲ့ တစ်ချက်အရင်ထိန်းပြီး ဖန်တီးခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် Martin Hansson ကတော့ ဂိုးအဖြစ်ခွင့်ပြုပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့မှားယွင်းမှုတစ်ခုဖြစ်ခဲ့ပြီး အိုင်ယာလန်အသင်းအတွက် ကံဆိုးမှုတစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ဒီစာရင်းမှာတော့ အာဂျင်တီးနားဂန္ထ၀င် မာရာဒိုနာ Maradona ရဲ့ ဘုရားပေးသောလက် သွင်းဂိုး ဖြစ်ရပ်ကိုလည်း မဖြစ်မနေထည့်သွင်းရမှာပါ။ ဒီဖြစ်ရပ်ကတော့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-၁) အင်္ဂလန်ပွဲမှာဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မာရာဒိုနာ ဟာ ဒီပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သွင်းယူခဲ့တာဖြစ်ပြီး (၂)ဂိုးလုံးကလည်း ပြောစမှတ်တွင်စရာတွေအဖြစ် ဒီနေ့အချိန်ထိ ရှိနေဆဲပါ။ ပထမဂိုးကိုတော့ မာရာဒိုနာ ဟာ လက်နဲ့ပုတ်သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ အင်္ဂလန်ကစားသမားတွေကို တစ်ကိုယ်တော်စွမ်းရည်နဲ့ ကျော်ဖြတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာ လက်နဲ့ပုတ်ပြီး သွင်းယူခဲ့တဲ့ ဂိုးဟာ ထင်ထင်ရှားရှားကြီးဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် Ali Bin Nasser ကတော့ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။

အခု ပရိသတ်တွေအတွက် ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အမှားအယွင်းများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦး …

Photo: The National , Daily Mail , NewsLocker , AS English – Diario AS
Ko Kyue(Akhayar)
www.akhayar.com