အားလုံးသိတဲ့အတိုင်း ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ပရီးမီးယားလိဂ်ကို စွန့်ခွာပြီး လာလီဂါကလပ် ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ဆက်စပ်ပြီးတွေးမိခဲ့တာကတော့ လာလီဂါဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို အမြဲလိုလိုခေါ်ယူနေတာပါပဲ။ ပရီးမီးယားလိဂ်ကလပ်တွေဟာ လာလီဂါကလပ်တွေ( ရီးယဲလ် ၊ ဘာစီလိုနာ)ရဲ့လုပ်သမျှကို ခံနေရတယ်လို့ ပြောရမှာပါ။ အခု ဒီ Article မှာတော့ လာလီဂါရပ်ဝန်းကို အရောက်သွားဖို့ ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့တဲ့ နာမည်ကျော်များ အပိုင်း(၂)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Bale

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဘေးလ် Bale ဟာ ၂၀၁၃ ခုနှစ်မှာ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၈၆)သန်းနဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘေးလ် ကို ခေါ်ယူဖို့ မန်ယူအသင်းကလည်း အကြီးအကျယ်စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့တာပါ။ ရီးယဲလ်အသင်းမှာတော့ ဘေးလ် ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အောင်မြင်ခဲ့သလို တစ်ဖက်ကလည်း ဒဏ်ရာပြဿနာတွေက အမြဲလိုလိုထိုးနှက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘေးလ် ဟာ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။

Fabregas

ဖာဘရီဂတ်စ် Fabregas ကတော့ ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့လူငယ်ကစားသမားဘ၀ စတင်တဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဖာဘရီဂတ်စ် ကိုယ်တိုင်က စိတ်အားထက်သန်ခဲ့တာကြောင့် အာဆင်နယ်အသင်း တားဆီးဖို့ မလွယ်ကူခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာတော့ ဖာဘရီဂတ်စ် ဟာ (၃)နှစ်ကြာကစားခဲ့ပြီး အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားနိုင်ခဲ့သလို ဆုဖလားအောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

Suarez

လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ် Suarez ကတော့ ဆုဖလားအောင်မြင်မှုတွေကို ပိုမိုစိန်ခေါ်နိုင်ဖို့အတွက် အသင်းကနေ ထွက်ခွာလိုခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ခဲ့တဲ့ ဆွာရက်ဇ် ဟာ ၂၀၁၄ ခုနှစ်မှာတော့ ပြောင်းရွှေ့ကြေးပေါင်(၆၅)သန်းနဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆွာရက်ဇ် ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပြီး လက်ရှိအချိန်ထိ အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။

Coutinho

ကော်တင်ဟို Coutinho ကတော့ ချန်ပီယံဆုတွေကို ရယူချင်လို့ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင်(၁၀၆)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိမှာတော့ အားလုံးသိတဲ့ အတိုင်း ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပါတယ်။

Hazard

လာလီဂါရပ်ဝန်းကို အရောက်သွားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေဟာ လာလီဂါမှာ အောင်မြင်တာတွေရှိသလို အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသူတွေလည်းရှိပါတယ်။ ဟာဇက် Hazard ကတော့ ဘယ်လမ်းစဉ်ကိုလိုက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ရီးယဲလ်နဲ့ ချယ်လ်ဆီးတို့ဟာ ဟာဇက် ရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၈၈.၅)သန်းနဲ့ သဘောတူညီမှုရခဲ့ကြတာဖြစ်သလို စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ပေါင်သန်း(၁၃၀)ထိမြင့်တက်လာဖို့ရှိနေပါတယ်။ ဟာဇက် လာလီဂါမှာ အောင်မြင်နိုင်မလားဆိုတာကတော့ အချိန်ကပဲ အဖြေပေးသွားမှာဖြစ်ပါတယ်။

လာလီဂါရပ်ဝန်းကို အရောက်သွားဖို့ ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့တဲ့ နာမည်ကျော်များ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Photo: Evening Standard , footballstopten.com , The Independent , Goal.com
Ko Kyue(Akhayar)
www.akhayar.com