အင်္ဂလန်နာမည်ကျော်ကစားသမား ဒေးဗစ်ဘက်ခမ် David Beckham ဟာ ဘောလုံးလောကမှာသာမကဘဲ နယ်ပယ်စုံမှာလည်း ကျော်ကြားတဲ့သူတစ်ဦးပါ။ ပြောရရင်တော့ ဒေးဗစ်ဘက်ခမ် ဟာ ဘာလုပ်လုပ်တင့်တယ်နေတဲ့ သူမျိုးဖြစ်ပြီး ဘောလုံးအကြောင်း နားမလည်သူတောင် သူ့ကို သဘောကျကြိုက်နှစ်သက်ပါတယ်။ ဒါကတော့ ဒေးဗစ်ဘက်ခမ် ရဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပြီး အခု ပရိသတ်တွေကိုဖော်ပြချင်တာကတော့ ဒေးဗစ်ဘက်ခမ် ရဲ့ ကစားသမားဘ၀ အမှတ်တရဖြစ်စေမယ့် ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒေးဗစ်ဘက်ခမ် ရဲ့ ကစားသမားဘ၀ အမှတ်တရဖြစ်စေမယ့် ဖြစ်ရပ်တွေကို ကြည့်လိုက်ကြရအောင် …

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဒေးဗစ်ဘက်ခမ် ဘယ်လိုမှမေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒီပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်မှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ရင်ဆိုင်ခဲ့ကြပြီး ဒေးဗစ်ဘက်ခမ် ဟာ အာဂျင်တီးနားကစားသမား လက်ရှိအက်သလက်တီကိုနည်းပြ ဆီမြွန်နီ Simeone ကို ကန်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီလုပ်ရပ်ကြောင့်လည်း ဒေးဗစ်ဘက်ခမ် ဟာ ဗြိတိန်မီဒီယာတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ဒေးဗစ်ဘက်ခမ် ရဲ့ ကစားသမားဘ၀မှာ အကြီးကျယ်ဆုံးအရာကတော့ ၁၉၉၈ – ၁၉၉၉ ဘောလုံးရာသီက မန်ယူအသင်းနဲ့အတူ ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့နှစ်ဘောလုံးရာသီမှာ ဒေးဗစ်ဘက်ခမ် ဟာ မန်ယူအသင်းရဲ့ ညာတောင်ပံမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး အသင်းအတွက် လိုအပ်လာခဲ့ရင် ကွင်းလယ်မှာ ၀င်ရောက်ကစားပေးခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ် ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေရရှိခဲ့သူပါ။ အသင်းရဲ့အတူ ချိုမြိန်တဲ့ အမှတ်တရတွေကို ပိုင်ဆိုင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ် ဟာ မန်ယူအသင်းကို စွန့်ခွာဖို့ဆိုတာ တော်တော်ကို ခက်ခဲပါလိမ့်မယ်။ ဒါပမေဲ့ နည်းပြဖာဂူဆန် Ferguson နဲ့ ပြဿနာဖြစ်ပြီးနောက်မှာတော့ ဒေးဗစ်ဘက်ခမ် ဟာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကာပယ်လို Capello ကြောင့် ရီးယဲလ်အသင်းမှာ ဒေးဗစ်ဘက်ခမ် ဟာ ကစားခွင့်ပျောက်ဆုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကာပယ်လို ဟာ သူ့ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး ဒေးဗစ်ဘက်ခမ် ကို ပွဲထွက်ခွင့်ပြန်ပေးခဲ့ပါတယ်။ ပွဲထွက်ခွင့် ပြန်ရတဲ့အချိန်မှာတော့ ဒေးဗစ်ဘက်ခမ် ဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး ရီးယဲလ်အသင်း လာလီဂါချန်ပီယံဆု ရရှိအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ် ရဲ့ ကစားသမားဘ၀ နောက်ဆုံးကလပ်အသင်းကတော့ PSG အသင်းပါ။ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်မှာတော့ ဒေးဗစ်ဘက်ခမ် ဟာ ပွဲပြီးခါနီးမှာ လူစားလဲခံခဲ့ရပါတယ်။ ဒီအချိန်မှာကွင်းထဲကနေ ပရိသတ်ကို နှုတ်ဆက်ပြီး ၀မ်းနည်းစွာနဲ့ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ပုံရိပ်ကို ပရိသတ်တွေအနေနဲ့ ဒီနေ့အချိန်ထိ အမှတ်ရနေကြဦးမှာပါ။

Ref: Ronaldo.com
Photo: GQ , www.varzesh11.com , talkSPORT , Goal.com , The Independent , Flipkart
Ko Kyue(Akhayar)
www.akhayar.com