ဘောလုံးလောကမှာ နာမည်ကျော်ကစားသမားတွေဟာ သူတို့ရဲ့ကစားသမားဘ၀မှာ အမှတ်ပေးဖလားချန်ပီယံဆုကို အနည်းဆုံးတစ်ကြိမ်တော့ ရရှိလေ့ရှိကြပါတယ်။ ဒီလိုအနေအထားကြောင့် စိတ်ထဲမှာ အရိုးစွဲနေတာက နာမည်ကျော်ကစားသမားဆိုရင် အမှတ်ပေးဖလားချန်ပီယံဆုကို ရရှိဖူးမှာပဲဆိုတဲ့ အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားဘ၀တစ်လျှောက် အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းမရှိတဲ့ နာမည်ကျော်ကစားသမားတွေရှိနေပါတယ်။ ဒါကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Gerrard

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း လက်ရှိ ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ် Gerrard ကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေသူပါ။ ဒီစာရင်းမှာ ဂျရတ် ပါဝင်နေတာက ပရိသတ်တွေအတွက် အထူးအဆန်းမဟုတ်မှာလည်း သေချာနေပါတယ်။ ဒါပေမဲ့ ဂျရတ် ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ အမှတ်ပေးချန်ပီယံဆုကို တစ်ကြိမ်တစ်ခါတော့ ရရှိခဲ့ဖို့ ထိုက်တန်သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဂျရတ် ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ရပါတယ်။

Torres

လက်ရှိ ဂျေလိဂ်ကလပ် Sagan Tosu အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး တောရက်စ် Torres ဟာ သူ့ရဲ့ကစားသမားဘ၀မှာ မရဖူးတဲ့ ဆုဖလားဆိုတာမရှိသလောက်ပါပဲ။ ချယ်လ်ဆီး ၊ အက်သလက်တီကို ၊ စပိန်အသင်းတွေနဲ့ ဆုဖလားမျိုးစုံရရှိခဲ့တဲ့ တောရက်စ် ဟာ အမှတ်ပေးချန်ပီယံဆုနဲ့တော့ လွဲချော်ခဲ့ရသူပါ။

Gary Lineker

အင်္ဂလန်နာမည်ကျော် တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာ Gary Lineker လည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ဂယ်ရီလိုင်နီကာ ဟာ ကစားခဲ့တဲ့ အသင်းတိုင်းလိုလိုနဲ့ တခြားဆုဖလားတွေရခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့တော့ လွဲချော်ခဲ့ရသူပါ။ ဘာစီလိုနာအသင်းမှာ ဂယ်ရီလိုင်နီကာ ဟာ (၃)ရာသီကြာကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ လာလီဂါချန်ပီယံဆုနဲ့တော့ ဝေးကွာခဲ့ရပါတယ်။

Gordon Banks

အင်္ဂလန်နာမည်ကျော် ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်စ် Gordon Banks ဟာ ပရိသတ်တွေနဲ့ စိမ်းကောင်း စိမ်းနိုင်ပေမယ့် သူ့ရဲ့နာမည်ကိုတော့ ကြားဖူးနားဝရှိကြမှာကတော့ သေချာပါတယ်။ အင်္ဂလန်အသင်းနဲ့အတူ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တဲ့ ဂေါ်ဒွန်ဘန့်စ် ဟာ ကစားသမားဘ၀မှာ အမှတ်ပေးချန်ပီယံကို ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။

အခုပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ကစားသမားဘ၀တစ်လျှောက် အမှတ်ပေးချန်ပီယံကို ရရှိခဲ့ခြင်းမရှိတဲ့ နာမည်ကျော်များ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်အားပေးကြပါဦး …

Ref: Sportskeeda
Photo: Business Manchester , Hot Time In Old Town , Official Website of the Tigers , The Higher Tempo Press , Sunday Post
Ko Kyue(Akhayar)
www.akhayar.com