ပရိသတ်တွေ စောင့်မျှော်နေခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁)ကတော့ ပြီးဆုံးခဲ့ပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ်(၁)မှာ ရင်ခုန်စရာပွဲကောင်းတွေကို ခံစားခဲ့ကြရတာကြောင့် ပရိသတ်တွေအတွက် စောင့်ရကျိုးနပ်တယ်လို့ ပြောရမှာပါ။ အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၁)မှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Sterling

စတာလင် Sterling နဲ့ ပတ်သက်ပြီး အမြဲလိုလို အားမလိုအားမရဖြစ်မိတာတစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့အဆုံးသတ်ပိုင်း အားနည်းချက်ပါပဲ။ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲမှာလည်း ဒီအားနည်းချက်ကို မြင်တွေ့ခဲ့ရတာကြောင့် စတာလင် ရဲ့ အဆုံးသတ်ပိုင်းကတော့ တိုးတက်မလာတော့ဘဲ ဒီအတိုင်းပဲသွားတော့မယ်လို့ ထင်မိခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးက ၀က်စ်ဟမ်းကို အဝေးကွင်းမှာ ( ၀ – ၅ )နဲ့ နိုင်တဲ့ပွဲမှာတော့ စတာလင် ဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်တွေကို မြင်တွေ့ခဲ့ရတာကြောင့် ကျေနပ်ခဲ့ရပါတယ်။ စတာလင် အနေနဲ့ ဒီစွမ်းဆောင်ရည်ကို ပုံသေဆက်ထိန်းသွားဖို့လိုအပ်ပါတယ်။ ၀က်စ်ဟမ်းနဲ့ ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် စတာလင် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အဖွင့်ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ (၈)ဦးမြောက် ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Harry Kane

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒဏ်ရာပြဿနာတွေကြောင့် အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဟယ်ရီကိန်း Harry Kane ဟာ လက်ရှိမှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁) စပါး (၃ – ၁)ဗီလာပွဲမှာတော့ သရေနဲ့ပဲ အဆုံးသတ်တော့မယ်လို့ ထင်နေချိန်မှာ ဟယ်ရီကိန်း က သူ့ရဲ့နောက်ကျသွင်းဂိုး (၂)ဂိုးနဲ့ အသင်းအတွက် နိုင်ပွဲကိုရှာဖွေပေးခဲ့တာပါ။ ဒီသွင်းဂိုးတွေမှာတော့ ဟယ်ရီကိန်း ရဲ့ အဆုံးသတ်သေချာတိကျမှုတွေကို မြင်တွေ့ခဲ့ရပြီး တတိယဂိုးကတော့ ပြည့်စုံတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။

Rashford

မန်ယူအသင်းက ချယ်လ်ဆီးကို ( ၄ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာတော့ ရက်ရှ်ဖို့ဒ် Rashford ဟာ သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့ပြီး နိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ရက်ရှ်ဖို့ဒ် ဟာ ချယ်လ်ဆီးခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးသွားနိုင်ခဲ့ပြီး ပုံစံကောင်းတစ်ခုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ ဒီခြေစွမ်းကိုဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ကစားသမားဘ၀ကအခုထက်ပိုပြီး တန်းတစ်ခုမြင့်လာမှာ အသေအချာပါပဲ။

Maguire

မန်ယူနောက်ခံလူသစ် မက်ဂွိုင်းယား Maguire ကတော့ သူ့ရဲ့မန်ယူကစားသမားဘ၀ ပထမပွဲမှာပဲ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ မေတ္တာကိုပါ ရရှိခဲ့ပါတယ်။ ကာလရှည်လိုအပ်ချက်တွေများနေတဲ့ မန်ယူအသင်းခံစစ်ပိုင်းအတွက် မက်ဂွိုင်းယား ဟာ အဖြေတစ်ခုဖြစ်ခဲ့သလို လက်ရှိအသင်းရဲ့ ခံစစ်ပိုင်းဟာ တော်တော်လေးကို အားရစရာကောင်းတဲ့ အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာတော့ မက်ဂွိုင်းယား ဟာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး သူ့ရဲ့အမြင့်ဘော အသာစီးယူနိုင်မှုနဲ့ ပြိုင်ဘက်တိုက်စစ်ကို ကြားထဲကနေ ဖြတ်တောက်နိုင်စွမ်းကလည်း အသင်းအတွက် အရမ်းအရေးပါခဲ့ပါတယ်။

Photo: Spur Twitter , Manchester United , Man City Twitter
Ko Kyue(Akhayar)
www.akhayar.com