လာလီဂါပြိုင်ပွဲဟာ လက်ရှိအချိန်မှာ ပွဲစဉ်(၃)အထိ ပြီးဆုံးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၃)မှာလည်း ရင်ခုန်စရာပွဲကောင်းတွေကို ခံစားခဲ့ရပြီး ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတွေက ရမှတ်ဆုံးရှုံးခဲ့ကြပါတယ်။ ဒါပေမယ့် အက်သလက်တီကိုအသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ရှေ့ဆက်နေပြီး ပြိုင်ဘက်တွေရဲ့ အမှားတွေကို အပြည့်အ၀ အခွင့်အရေးယူနေပါတယ်။ အခု ဒီ Article မှာတော့ လာလီဂါပွဲစဉ်(၃)မှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Arthur

နည်းပြဗယ်လ်ဗာဒီ Valverde အနေနဲ့ ဘာစီလိုနာကွင်းလယ်ရဲ့ လိုအပ်ချက်တစ်ခုကိုတော့ မြင်ခဲ့ပြီလို့ ပြောရမှာပါ။ လက်ရှိကွင်းလယ်ရဲ့ အနေအထားမှာ ဗယ်လ်ဗာဒီ ဟာ ရာကီတစ် Rakitić နဲ့ အာသာ Arthur တို့ကိုခေါက်ထားပြီး ဒီယွန်း De Jong ကိုပိုနေရာပေးနေပါတယ်။ ဒါပေမယ့် ဒီယွန်း ဟာ ခြေစွမ်းမပြနိုင်တာကြောင့် ကွင်းလယ်ကတိုက်စစ်ကို ပံပိုးမှုမလုပ်နိုင်ဘဲ ပြိုင်ဘက်ကွင်းလယ်ကို အသာစီးရဖို့ ခက်ခဲနေပါတယ်။ အိုဆာဆူနာ (၂- ၂) ဘာစီလိုနာ ပွဲစဉ်မှာတော့ ဗယ်လ်ဗာဒီ ဟာ ပွဲချိန်(၅၃)မိနစ်မှာ အာသာ ကို လူစားလဲကစားခဲ့ပြီး သူဝင်လာတဲ့ အချိန်မှာ ဘာစီလိုနာအသင်းဟာ အရင်လိုပုံစံပြန်ဖြစ်လာသလို ပြိုင်ဘက်ကိုဖိအားပေးလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာသာ ဟာ လူစားဝင်ပြီး သိပ်မကြာခင်မှာ ဘာစီလိုနာအသင်းအတွက် ဒုတိယဂိုးကို သူ့ရဲ့တစ်ကိုယ်တော်စွမ်းရည်နဲ့ ကောင်းမွန်တဲ့ ကန်ချက်တို့ကို ပေါင်းစပ်ပြီး သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ အာသာ ရဲ့ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။ အာသာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဘာစီလိုနာအသင်း ကွင်းလယ်မှာ ခြေစွမ်းပြသခဲ့သူဖြစ်တာကြောင့် နည်းပြဗယ်လ်ဗာဒီ အနေနဲ မလိုအပ်ဘဲ ခေါင်းမာမှုတွေကို လျော့သင့်နေပါပြီ။

Roberto Torres

အိုဆာဆူနာ (၂- ၂) ဘာစီလိုနာ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားကတော့ အိုဆာဆူနာအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ရောဘတ်တို တောရက်စ် Roberto Torres ပဲဖြစ်ပါတယ်။ ဒီပွဲမှာ အိုဆာဆူနာအသင်းဟာ ဘာစီလိုနာအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သလို တိုက်စစ်မှူး ရောဘတ်တို တောရက်စ် ဟာလည်း ရရှိခဲ့တဲ့ အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ရောဘတ်တို တောရက်စ် ဟာ ဒီပွဲမှာ အိုဆာဆူနာအသင်းရရှိခဲ့တဲ့ (၂)ဂိုးလုံးကို သွင်းယူခဲ့တာဖြစ်ပြီး ပထမဂိုးကတော့ ညာခြမ်းက ရဲ့ဖြတ်တင်ဘောကို အပြင်းကန်သွင်းယူခဲ့တာဖြစ်သလို ဒုတိယဂိုးကတော့ ရရှိလာတဲ့ ပယ်နယ်တီအခွင့် အရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Denis Suárez

ဆယ်လ်တာဗီဂိုအသင်းကို ရောက်ရှိလာတဲ့အချိန်မှာတော့ ဒင်းနစ်ဆွာရက်ဇ် Denis Suárez အရင်လို ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်တာ တကယ့်ကို ကျေနပ်စရာပါ။ လက်ရှိကစားပြီးသွားတဲ့ လာလီဂါ(၃)ပွဲမှာလည်း ဒင်းနစ်ဆွာရက်ဇ် ဟာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ အခုတစ်ပတ် ဆီဗီလာ(၁-၁)ဆယ်လ်တာဗီဂို ပွဲစဉ်မှာတော့ ဒင်းနစ်ဆွာရက်ဇ် ဟာ ဆယ်လ်တာဗီဂိုအသင်းရဲ့ Rating အများဆုံး ကစားသမားဖြစ်ခဲ့သလို ပွဲပြီးခါနီးမှာ အသင်းအတွက် အဖိုးတန်ချေပဂိုး တစ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဒင်းနစ်ဆွာရက်ဇ် ရဲ့ဆယ်လ်တာဗီဂိုအသင်းအတွက် ပထမဆုံးဂိုး ဖြစ်ခဲ့သလို ဒီဂိုးကို ကွင်းလယ်ကနေ တိုက်စစ်တောက်လျှောက်တက်ပြီး သွင်းယူခဲ့တာကြောင့် သူ့ရဲ့အကွက်မြင်မှုကို လည်းမြင်တွေ့ခဲ့ရပါတယ်။

Bale

ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ကိုတော့ ဒီတစ်ပတ် လာလီဂါရဲ့ အကောင်းဆုံး ကစားသမားလို့ ပဲပြောချင်ပါတယ်။ ဘေးလ် ဟာ ဗီလာရီးယဲလ် (၂-၂ )ရီးယဲလ်ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးနဲ့ အသင်းရှုံးပွဲနဲ့ မတွေ့အောင် ကယ်တင်ပေးနိုင်ခဲ့ပြီး သူဘယ်လို ကစားသမားမျိုးလည်းဆိုတာ နည်းပြဇီဒန်း Zidane ကို ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘေးလ် ဟာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကစားခဲ့ပြီး အသင်းအတွက် သွင်းယူပေးခဲ့တဲ့ ဒုတိယချေပဂိုးမှာတော့ သူ့ရဲ့တစ်ကိုယ်တော်စွမ်းရည်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဘေးလ် ဟာ ပွဲပြီးခါနီးမှာ မလိုလားအပ်တဲ့ ဖျက်ထုတ်မှုတွေကို လုပ်ခဲ့တာကြောင့် အ၀ါကတ်(၂)ကြိမ်ဆက်တိုက်ပြသခံခဲ့ရပြီး (၂)၀ါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo: Laliga Twitter , Head Topics ,  FC Barcelona , RC Celta , Revista El Balón
Ko Kyue(Akhayar)
www.akhayar.com