၂၀၁၈ – ၂၀၁၉ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဘောလုံးရာသီတစ်ခုပြီးဆုံးတိုင်း အမြဲလိုလို ထွက်ပေါ်လာတာကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေပါပဲ။ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အရင်ကထက် ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကစားသမားတွေရှိခဲ့ပြီး အခု ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Chilwell

လက်စတာ ဘယ်နောက်ခံလူ ချီဝဲလ် Chilwell ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းတိုးတက်မှုတွေရှိလာတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်နိုင်ခဲ့သလို ဘယ်တောင်ပံတစ်လျှောက် အတက်အဆင်းမှန်မှန်နဲ့ ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ချီဝဲလ် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပုံမှန်ရွေးချယ်ခံနေရပြီးဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ မန်စီးတီးအသင်းက စိတ်ဝင်စားမှုတွေရှိနေပါတယ်။

Ndidi

လက်စတာကွင်းလယ်လူ အန်ဒီဒီ Ndidi ဟာလည်း ဒီရာသီမှာ တိုးတက်မှုတွေရှိလာတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ အန်ဒီဒီ ဟာ ဒီရာသီမှာ အရင်ကထက် ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဘောလုံးဖျက်ထုတ်မှု ၊ ပေးပို့မှုတွေကလည်း ပိုကောင်းလာခဲ့ပါတယ်။ အန်ဒီဒီ ဟာ ကွန်တေ Kante ၊ မက်ခလီလီ Makelele တို့နဲ့ ကစားပေါက်ဆင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဒီရာသီမှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့ပါတယ်။

Richarlison

အဲဗာတန်လူငယ်တိုက်စစ်မှူး ရစ်ချာလီဆင် Richarlison ကတော့ ဒီရာသီရောက်မှ အဲဗာတန်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ ၀က်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် ပထမရာသီမှာ လိဂ်ဂိုး(၅)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ရစ်ချာလီဆင် ဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပထမရာသီမှာတော့ လိဂ်ဂိုး(၁၃)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရစ်ချာလီဆင် ရဲ့ ကစားဟန်ကလည်း ၀က်ဖို့ဒ်အသင်းမှာ ကစားတုန်းကထက် အများကြီးတိုးတက်လာခဲ့ပြီး လက်ရှိမှာ အသင်းကြီးတွေရဲ့ပစ်မှတ်ကစားသမားဖြစ်နေခဲ့ပြီ ဖြစ်သလို ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

Wilson

ဘုန်းမောက်တိုက်စစ်မှူး ၀ီလ်ဆင် Wilson ဟာလည်း ဒီရာသီမှာ ခြေစွမ်းပိုင်းတိုးတက်မှုတွေရှိလာပြီး အရင်ကထက်ပိုမိုတောက်ပလာနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ၀ီလ်ဆင် က ဘုန်းမောက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၄)ဂိုးသွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ပရီးမီးယားလိဂ် ကစားသမားဘ၀ တစ်လျှောက်အမြင့်ဆုံး သွင်းဂိုးနှုန်းလည်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကာလတုန်းကတော့ ၀ီလ်ဆင် ကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားခဲ့ပါသေးတယ်။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကစားသမားများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Ronaldo.com
Photo: Foxes of Leicester , Stadium Astro , The Sun 
Ko Kyue(Akhayar)
www.akhayar.com