ဒီစီးရီးအေပြိုင်ပွဲကတော့ ရင်ခုန်စရာတွေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဒီရာသီ စီးရီးအေချန်ပီယံဆုကိုတော့ ဂျူဗင်တပ်စ်အသင်းက သိမ်းပိုက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကလည်း  ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ အခု ဒီ Article မှာတော့ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ အောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို ဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘယ်သူတွေပါဝင်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင် …

Bonucci

ဘိုနူချီ Bonucci ကတော့ အေစီမီလန်အသင်းကနေ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို ဒီရာသီမှာ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ဘိုနူချီ တို့ရဲ့ဒုတိယအကြိမ်ပေါင်းစပ်မှုဟာ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး ဘိုနူချီ က ဂျူဗင်တပ်စ်ခံစစ်ကို အကောင်းဆုံး ဦးဆောင်မှုတွေပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဘိုနူချီ ဟာ ဂျူဗင်တပ်စ်အသင်းအတွက်  ပွဲပေါင်း(၄၁)ပွဲကစား (၃)ဂိုးသွင်းယူခဲ့ပါတယ်။

Zapata

အတ္တလန်တာအသင်းရဲ့ ဒီရာသီ ရလဒ်ကောင်းတွေမှာ တိုက်စစ်မှူး ဇာပါတာ Zapata ရဲ့ စွမ်းဆောင်ရည်ကောင်းတွေက အရေးပါတဲ့နေရာမှာရှိနေပါတယ်။ ဇာပါတာ ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆမ်ဒိုးရီးယားကနေ အတ္တလန်တာအသင်းကို အငှားနဲ့လာကစားနေတာဖြစ်ပြီး မမျှော်လင့်ထားရလောက်အောင်ကို ခြေစွမ်းကောင်းတွေပြသနေပါတယ်။ ဇာပါတာ ဟာ ဒီရာသီမှာ အတ္တလန်တာအသင်းအတွက် သွင်းဂိုး(၂၈)ဂိုးသွင်းယူခဲ့ပြီး သူ့ရဲ့အတ္တလန်တာအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

Piatek

ပီယာတက် Piatek ကတော့ ဒီရာသီမှာ ဂျီနိုအာအသင်းနဲ့ ထွန်းတောက်လာသူဖြစ်ပြီး အသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ ပီယာတက် ကို အေစီမီလန်အသင်းက ယူရို(၃၅)သန်းနဲ့ခေါ်ယူခဲ့ပြီး ပီယာတက် ဟာ လည်း အေစီမီလန်တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၁၁)ဂိုးသွင်းယူခဲ့ပါတယ်။

Cristiano Ronaldo

ဒီစာရင်းမှာတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ပါနေမယ်ဆိုတာကတော့ မပြောလည်း သိနေမယ့် အရာတစ်ခုပါ။ စီရော်နယ်လ်ဒို ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီကို ယူရိုသန်း(၁၀၀)နဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အီတလီမြေကို စရောက်ခါစမှာ စီရော်နယ်လ်ဒို ဟာ ခြေစွမ်းပြဖို့ ခက်ခဲနေပေမယ့် နောက်ပိုင်းမှာတော့ ဂျူဗင်တပ်စ်အသင်းကို ဦးဆောင်သူ ၊ အသင်းရဲ့ အခရာကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ဒီရာသီမှာတော့ ဂျူဗင်တပ်စ်အသင်းအတွက်  ပွဲပေါင်း(၄၃)ပွဲကစား (၂၈)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: Ronaldo.com
Photo: Breaking The Lines , Pianeta Milan , Bleacher Report , Goal.com , Metro
Ko Kyue(Akhayar)
www.akhayar.com