နာမည်ကျော်ဘောလုံးကလပ်အသင်းတိုင်းလိုလိုမှာ အစွမ်းကုန်အောင်မြင်လေ့ရှိတဲ့ အချိန်ကာလတွေရှိကြပါတယ်။ ဒီအချိန်ကာလတွေကိုတော့ သူတို့ရဲ့ရွှေရောင်နေ့ရက်တွေလို့ ညွန်းဆိုချင်ပါတယ်။ ကလပ်အသင်းတစ်သင်း အစွမ်းကုန်အောင်မြင်နေတဲ့ အချိန်မှာ သူတို့ရဲ့ကွင်းတွင်းကစားဟန်နဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကလည်း ရင်ခုန်စရာကောင်းတာကြောင့် ဒီနေ့ ဒီအချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်တွင်နေဆဲပါပဲ။ အခု ဒီ Article မှာတော့ နာမည်ကျော်ကလပ်အသင်းတွေရဲ့ ရွှေရောင်နေ့ရက်များ (၁) ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အတောက်ပဆုံး ရွှေရောင်နေ့ရက်တွေကတော့ ၂၀၀၃ – ၂၀၀၄ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အချိန်တွေပဲဖြစ်ပါတယ်။ ၂၀၀၃ – ၂၀၀၄ ဘောလုံးရာသီက အာဆင်နယ်အသင်းက (၂၆)ပွဲနိုင် ၊ (၁၂)ပွဲသရေ ရမှတ်(၉၀)နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ အဲဒီအချိန်က အာဆင်နယ်အသင်းရဲ့ ကစားဟန်ဟာ စွဲမက်စရာအတိဖြစ်ခဲ့သလို တခြား ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ ကစားကွက်အရမယှဉ်နိုင်တဲ့ ပုံစံလည်းဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံဆုဟာ ဂုဏ်ယူစရာကောင်းလွန်းတာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အခုထက်ထိ မကြာခဏကြားနေရပါတယ်။

အေဂျက်စ်အသင်းဟာ အမြဲလိုလိုထိပ်တန်းအဆင့်ခြေစွမ်းရှိတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနေတဲ့ ကလပ်အသင်းတစ်သင်းပါ။ ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ အနေအထားအရ ကစားသမားကောင်းတွေဟာ နာမည်ကျော်ကလပ်အသင်းတွေမှာ ကစားလိုကြတာကြောင့် အေဂျက်စ်အသင်းကတော့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေရပါတယ်။ အေဂျက်စ်အသင်းရဲ့ ရွှေရောင်နေ့ရက်တွေကတော့ ၁၉၆၅ ခုနှစ်က စတင်ခဲ့ပါတယ်။ အဲဒီအချိန်လောက်စပြီး နယ်သာလန်ဘောလုံးလောကကို လွှမ်းမိုးလာခဲ့တဲ့ အေဂျက်စ်အသင်းဟာ ၁၉၇၀ ခုနှစ်အရောက်မှာတော့ ဥရောပဘောလုံးလောကကိုပါ စိုးမိုးလာခဲ့ပြီး ဥရောပဖလား ( အခု ချန်ပီယံလိဂ်) ကို (၃)နှစ်ဆက်ရယူနိုင်ခဲ့ပါတယ်။ ၁၉၇၁ – ၁၉၇၂ ဘောလုံးရာသီမှာတော့ အေဂျက်စ်အသင်းဟာ ဖလား(၄)လုံးထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆန်းတို့စ်အသင်းကလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ဆန်းတို့စ်အသင်းကတော့ ဘရာဇီးလ်ဂန္ထ၀င် ပီလီ Pele ရဲ့ ဦးဆောင်မှုတွေနဲ့ ရွှေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့တာပါ။ ပီလီ လက်ထက်မှာ ဆန်းတို့စ်အသင်းဟာ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ Campeonato Brasileiro Série A ချန်ပီယံဆုကို (၅)နှစ်ဆက် ရရှိခဲ့သလို အဲဒီအချိန်ကာလတွေမှာလည်း နှစ်တိုင်းလိုလို ဖလား(၄)လုံး သို့ (၃)လုံးနဲ့ အနိမ့်ဆုံး(၂)လုံး ရရှိခဲ့ပါတယ်။

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ အောင်မြင်မှုတွေ အမြဲလိုလိုရရှိနေတာကြောင့် ရွှေရောင်နေ့ရက်တွေကို မကြာခဏပိုင်ဆိုင်နေတဲ့ အသင်းပဲဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ် နောက်ပိုင်းမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်နဲ့ ဥရောပမှာ အကြီးအကျယ်လွှမ်းမိုးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရီးယဲလ်အသင်းကို ဦးဆောင်ခဲ့သူကတော့ ဂန္ထ၀င်ကစားသမား ဒီစတီဖာနို Di Stéfano ပဲဖြစ်ပါတယ်။ ဒီစတီဖာနို လက်ထက်မှာ စပိန်မြေကို လွှမ်းမိုးတာက ရီးယဲလ်မက်ဒရစ်အသင်းအတွက် တော်တော်လေးကို လွယ်ကူခဲ့တာပါတယ်။ ဘာလို့လည်းဆိုတော့ ၁၉၅၅ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်ထိ ဥရောပဖလား ( အခု ချန်ပီယံလိဂ်) ကို (၅)နှစ်ဆက်ရယူနိုင်ခဲ့လို့ ပဲဖြစ်ပါတယ်။

အခု ပရိသတ်တွေအတွက် နာမည်ကျော်ကလပ်အသင်းတွေရဲ့ ရွှေရောင်နေ့ရက်များ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Ronaldo.com
Photo: BBC , FIFA.Com , Wikipedia , Goal.com
Ko Kyue(Akhayar)
www.akhayar.com