နာမည်ကျော်ဘောလုံးကလပ်အသင်းတိုင်းလိုလိုမှာ အစွမ်းကုန်အောင်မြင်လေ့ရှိတဲ့ အချိန်ကာလတွေရှိကြပါတယ်။ ဒီအချိန်ကာလတွေကိုတော့ သူတို့ရဲ့ရွှေရောင်နေ့ရက်တွေလို့ ညွန်းဆိုချင်ပါတယ်။ ကလပ်အသင်းတစ်သင်း အစွမ်းကုန်အောင်မြင်နေတဲ့ အချိန်မှာ သူတို့ရဲ့ကွင်းတွင်းကစားဟန်နဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကလည်း ရင်ခုန်စရာကောင်းတာကြောင့် ဒီနေ့ ဒီအချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်တွင်နေဆဲပါပဲ။ အခု ဒီ Article မှာတော့ နာမည်ကျော်ကလပ်အသင်းတွေရဲ့ ရွှေရောင်နေ့ရက်များ (၂) ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အောင်မြင်မှုတွေ အမြဲလိုလိုရနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ရွှေရောင်နေ့ရက်တွေဆိုတာ ရိုးအီနေတဲ့ အရာတစ်ခုပါပဲ။ ဒါပေမယ့် ၁၉၇၃ ခုနှစ်လောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဥရောပဘောလုံးလောကကိုပါ စိုးမိုးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကဒေါက်တိုင်တွေက ဘက်ကင်ဘောင်ဝါ Beckenbauer နဲ့ ဂတ်မူလာ Gerd Müller တို့ပဲဖြစ်ပါတယ်။ ဒီကစားသမား (၂)ဦးရဲ့ ဦးဆောင်မှုနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ဥရောပဖလား ( အခု ချန်ပီယံလိဂ်) ကို (၃)နှစ်ဆက်ရယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ရွှေရောင်နေ့ရက်တွေက ကုန်ဆုံးသွားတာ သိပ်မကြာသေးပါဘူး။ လတ်တလောမှာတော့ ရီးယဲလ်အသင်းဟာ အရင်ကလိုအချိန်တွေကို ပြန်လည်ပိုင်ဆိုင်ဖို့ အတွက် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာအောင်ကြိုးစားနေပါတယ်။ သိပ်မကြာသေးခင်က ရီးယဲလ်အသင်းပိုင်ဆိုင်ခဲ့တဲ့ ရွှေရောင်နေ့ရက်တွေမှာ အဓိကကျခဲ့သူကတော့ နည်းပြဇီဒန်း Zidane နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ပဲဖြစ်ပါတယ်။ သူတို့(၂)ဦးရဲ့ ဦးဆောင်မှုနဲ့အတူ ရီးယဲလ်အသင်းဟာ ဥရောပကို လွှမ်းမိုးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို (၃)နှစ်ဆက် ရယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ကျဆင်းမှုတွေရှိနေတဲ့ အေစီမီလန်အသင်းဟာ တစ်ချိန်ကတော့ အရှိန်အ၀ါကြီးမားလွန်းတဲ့အသင်းတစ်သင်းပါ။ အေစီမီလန်အသင်း အောင်မြင်တဲ့အချိန်ဆိုရင် အများစုက နည်းပြအန်ဆယ်လော့တီ Ancelotti ကိုင်တွယ်တဲ့ အချိန်ကိုသာမြင်မိကြမှာဖြစ်ပေမယ့် နည်းပြဆက်ချီ Sacchi ရဲ့အေစီမီလန်အသင်းကလည်း အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ နည်းပြဆက်ချီ ဟာ အေစီမီလန်အသင်းကို ၁၉၈၇ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ ကိုင်တွယ်ခဲ့ပြီး ဒီအချိန်ကာလအတွင်းမှာ ဥရောပဖလား ( အခု ချန်ပီယံလိဂ်) ကို (၂)နှစ်ဆက်ရယူနိုင်ခဲ့သလို ဆုဖလားပေါင်း(၈)လုံးထိရရှိအောင် စွမ်းဆောင်ပေးခဲ့တာကြောင့် အသင်းရဲ့ ရွှေရောင်နေ့ရက်တွေကို ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ရွှေရောင်နေ့ရက်တွေကတော့ နည်းပြဖာဂူဆန် Ferguson ကိုင်တွယ်တဲ့ အချိန်တွေပါပဲ။ ဒါပေမယ့် ဖာဂူဆန် ရဲ့ မန်ယူနည်းပြဘ၀အစဟာလည်း အခက်အခဲတွေနဲ့ ပြည့်နှက်ခဲ့ပြီး တဖြည်းဖြည်းနဲ့မှ လမ်းကြောင်းမှန်ပေါ်ရောက်ရှိခဲ့တာပါ။ ဖာဂူဆန် ရဲ့ မန်ယူအသင်း အနေအထားတွေကို ကြည့်ရင် အနိမ့်အမြင့် အတက်အကျတွေရှိခဲ့ပေမယ့် အချိန်တန်ရင်တော့ မန်ယူက မန်ယူပြန်ဖြစ်သွားတာပါပဲ။ ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းကတော့ ရုန်းကန်မှုတွေရှိနေပေမယ့် ဖာဂူဆန် ဟာ သူ့လက်ထက်မှာ မန်ယူအသင်းကို ဆုဖလားပေါင်း(၃၈)လုံးထိ ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ဂုဏ်ယူစရာအချိန်တွေကို ရေးထိုးပေးခဲ့ပါတယ်။

အခု ပရိသတ်တွေအတွက် နာမည်ကျော်ကလပ်အသင်းတွေရဲ့ ရွှေရောင်နေ့ရက်များ အပိုင်း(၂)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၃)ကိုလည်း ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Ronaldo.com
Photo: FC Bayern , Vice , Managing Madrid , Twitter
Ko Kyue(Akhayar)
www.akhayar.com