လာလီဂါပြိုင်ပွဲကတော့ အဖွင့်ပွဲစဉ်(၁)မှာပဲ ရင်ခုန်စရာပွဲကောင်းတွေကို ခံစားခဲ့ကြရတာကြောင့် စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ အခု ဒီ Article မှာတော့ လာလီဂါပွဲစဉ်(၁)မှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ ဘယ်သူတွေပါနေလဲဆိုတာ ကြည့်လိုက်ကြရအောင် …

Joao Felix

ယာအိုဖိလစ် Joao Felix နဲ့ ပတ်သက်ပြီး စိုးရိမ်မိတာကတော့ အသက်အရွယ်ငယ်သေးတာနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် လာလီဂါမှာ ရုန်းကန်ရမလားဆိုတာပါပဲ။ ဒါပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ယာအိုဖိလစ် အပေါ်မျှော်လင့်ချက်ကြီးကြီးထားခဲ့ပေမယ့် လာလီဂါစရင် ဘယ်လိုလုပ်ပြမလဲဆိုတာကိုတော့ စိတ်ဝင်တစားစောင့်ကြည့်ခဲ့မိပါတယ်။ လာလီဂါပွဲစဉ်(၁) ဂီတာဖေးနဲ့ ပွဲမှာတော့ ယာအိုဖိလစ် ဟာ သူ့ရဲ့ခြေစွမ်းနဲ့ အဆင့်အတန်းကိုပြသခဲ့ပြီး အနာဂတ်ရဲ့ ဘောလုံးစင်မြင့်ထက်မှာ အခုထက်ပိုတောက်ပလာမယ့်ဆိုတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ယာအိုဖိလစ် ကွင်းလယ်ကတော့ တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်ပြီး အသင်းအတွက် ပယ်နယ်တီကန်ခွင့်ရရှိအောင် လုပ်ဆောင်ပြခဲ့တာကလည်း ကျေနပ်စရာအခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။

Reguilon

ရီဂူလင် Reguilon ကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက သဘောကျမိခဲ့သလို အလားအလာရှိတဲ့ ကစားသမားကောင်းတစ်ဦးအဖြစ် ယူဆထားပါတယ်။ အခု အပြောင်းအရွှေ့ကာလမှာ ဆီဗီလာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ချိန်ချိန်မှာတော့ ရီးယဲလ်အသင်းရဲ့ ဘယ်နောက်ခံနေရာက ရီဂူလင် အတွက် ဖြစ်လာမယ်လို့ ထင်မိပါတယ်။ အခု ဆီဗီလာအသင်းရဲ့ လာလီဂါပွဲစဉ်(၁) အက်စပန်ညိုနဲ့ ပွဲမှာတော့ ရီဂူလင် ဟာ ဘယ်တောင်ပံတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကစားသမားဘ၀ ပထမဆုံးစီနီယာသွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

Benzema

ရီးယဲလ်အသင်းကို ဘယ်သူတွေရောက်ရောက် ဘန်ဇီမာ Benzema ကတော့ ဘန်ဇီမာပဲ လို့ ပြောရပါလိမ့်မယ်။ အခု လာလီဂါပွဲစဉ်(၁) ဆယ်လ်တာဗီဂိုနဲ့ ပွဲမှာလည်း ဘန်ဇီမာ ဟာ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို သူ့ရဲ့နေရာယူပုံနဲ့ လိုအပ်တဲ့နေရာလိုက်ဖြည့်ကစားပေးတဲ့ ပုံတွေက ဆယ်လ်ဆာဗီဂိုခံစစ်ကစားသမားတွေ အတွက် အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ ပွဲမှာတော့ ဘန်ဇီမာ ဟာ အသင်းအတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

Aduriz

ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ် Aduriz ဟာ ဘာစီလိုနာနဲ့ ပွဲမှာ အချိန်ခဏလေးပဲ ကစားခဲ့ရပေမယ့် ဒီစာရင်းထဲမှပါဖို့တော့ ထိုက်တန်မှုရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာ အဒူရစ်ဇ် ဟာ ပွဲချိန်(၈၈)မိနစ်မှာ လူစားဝင်လာပြီး (၈၉)မိနစ်မှာတော့ အဖိုးတန်အနိုင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့တာပါ။ ဒီသွင်းဂိုးမှာတော့ အဒူရစ်ဇ် အတွေ့အကြုံ ၊ နေရာယူပုံ ၊ ဘောလုံးလမ်းကြောင်းတွက်ဆပုံ နဲ့ အဆုံးသတ်သေချာပုံ စတဲ့ စွမ်းရည်ကောင်းတွေကို မြင်တွေ့ခဲ့ကြရပါတယ်။

Ref: Ronaldo.com
Photo: Real Madrid Twitter , Athletic Club , Sevilla Twitter , Marca , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com