၂၀၁၈ – ၂၀၁၉ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဘောလုံးရာသီတစ်ခုပြီးဆုံးတိုင်း အမြဲလိုလို ထွက်ပေါ်လာတာကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေပါပဲ။ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အရင်ကထက် ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကစားသမားတွေရှိခဲ့ပြီး အခု ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Fraser

ဘုန်းမောက်တောင်ပံကစားသမား ဖရေဆာ Fraser ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အာဆင်နယ်အသင်းက ဖရေဆာ ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီရာသီမှာ ဖရေဆာ ဟာ သူ့ရဲ့ကစားသမားဘ၀ တစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောလို့ရပြီး (၇)ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု(၁၄)ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဖရေဆာ ထက် ဂိုးဖန်တီးမှုပိုများတဲ့ ကစားသမားက ဟာဇက် Hazard (၁၅)ကြိမ် တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

Mane

လီဗာပူးလ်တိုက်စစ်ကစားသမား မာနေး Mane ကတော့ ဒီရာသီမှာ သူ့ရဲ့ပရီးမီးယားလိဂ် ကစားသမားဘ၀ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြခဲ့ပါတယ်။ မာနေး ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၂၂)ဂိုးသွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်းရရှိခဲ့ပါတယ်။ ဒီရာသီမှာ မာနေး ဟာ အလုံးစုံတိုးတက်လာခဲ့ပြီး အဆုံးသတ်ပိုင်းသာပိုသေချာလာရင်တော့ သူ့ရဲ့ခြေစွမ်းက အခုထက် တစ်ဆင့်မြင့်တက်လာဖို့ရှိနေပါတယ်။

Bernardo Silva

ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံးနဲ့ အကောင်းဆုံးကစားသမားက ဘာနာဒိုဆေးဗားလ် Bernardo Silva ဆိုတာ ဘယ်သူမှငြင်းဆန်နိုင်မယ်မထင်ပါဘူး။ ဘာနာဒိုဆေးဗားလ် ဟာ ဒီရာသီမှာ မန်စီးတီးအသင်းကွင်းလယ်ရဲ့ အခရာကစားသမား ဖြစ်ခဲ့ပြီး အသင်းကိုလည်း အကောင်းဆုံးဦးဆောင်ကစားခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေကြောင့် ဘာနာဒိုဆေးဗားလ် ဟာ PFA အကောင်းဆုံးဆုတစ်ခုခုရရှိနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ကံခေစွာနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာနာဒိုဆေးဗားလ် ဟာ မန်စီးတီးအသင်းရဲ့ Player of the Year ဆုကိုတော့ ရရှိခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Ronaldo.com
Photo: Metro , SPORTbible , Bournemouth Echo
Ko Kyue(Akhayar)
www.akhayar.com