လိဂ်ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံအသင်းဟာ တစ်သင်းထဲသာဖြစ်တာကြောင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပေမယ့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အသင်းတွေရှိနေပါတယ်။ ဥရောပရဲ့ နာမည်ကြီးလိဂ်ပြိုင်ပွဲတိုင်းမှာ ဒီလိုအဖြစ်မျိုးရှိခဲ့ပြီး ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတဲ့ အသင်းတွေဟာ ကံဆိုးတဲ့အသင်းတွေလို့ ယူဆရမှာပါပဲ။ အခု ဒီ Article မှာတော့ ခြေစွမ်းကောင်းခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ အသင်းများ အပိုင်း(၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

PSG (2016/17)

PSG အသင်း ဒီစာရင်းမှာ ပါနေတာ ပရိသတ်တွေအတွက် ထူးဆန်းနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ PSG အသင်း ဟာ ပြင်သစ်ဘောလုံးလောကကို လွှမ်းမိုးထားလို့ပါပဲ။ ဒါပေမဲ့ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီမှာတော့ PSG အသင်း ဟာ မိုနာကိုအသင်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဘောလုံးရာသီမှာ မိုနာကိုအသင်းရဲ့ အကောင်းဆုံး အစုအဖွဲ့တစ်ခုကို PSG အသင်း ဟာ မယှဉ်နိုင်ခဲ့ဘဲ ရမှတ်(၈၇)မှတ်ထိ ရရှိခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Manchester United (2011/12)

၂၀၁၁ – ၂၀၁၂ ပရီးမီးယားလိဂ် ဘောလုံးရာသီကိုတော့ ပရိသတ်တွေ အခုချိန်ထိ အမှတ်ရနေကြဦးမှာပါ။ အဲ့နှစ်ဘောလုံးရာသီမှာ ချန်ပီယံဆုအတွက် မန်ယူနဲ့ မန်စီးတီးအသင်းတို့ က ပွဲစဉ်(၃၈)ထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပွဲစဉ်(၃၈)မှာလည်း (၂)သင်းလုံးဟာ ပြိုင်ဘက်တွေကို အနိုင်ကစားနိုင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ပွဲစဉ်က မန်စီးတီးပွဲထက်ပိုစောပြီးခဲ့တာကြောင့် မန်စီးတီးပွဲရဲ့ ရလဒ်ကို စောင့်ကြည့်ခဲ့ကြပါတယ်။ တစ်ဖက်မှာ မန်စီးတီးအသင်း ရုန်းကန်နေရလို့ မန်ယူအသင်း ချန်ပီယံဖြစ်ပြီ ထင်နေကြချိန်မှာပဲ မန်စီးတီးအသင်းက ပြဇာတ်ဆန်ဆန်ပြန်လာနိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာရခဲ့တာကြောင့် ချန်ပီယံဖြစ်ခဲ့ပါတယ်။

Napoli (2017/18)

အီတလီမှာတော့ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်စ်အသင်းဟာ ပျင်းစရာကောင်းလောက်အောင် လွှမ်းမိုးထားတာပါ။ ဒါပေမဲ့ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီမှာတော့ နာပိုလီအသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကြောင့် ဂျူဗင်တပ်စ်အသင်း အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့နှစ်ဘောလုံးရာသီမှာ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပြီး ရမှတ်(၉၁)မှတ်ထိရရှိခဲ့ပေမယ့် ချန်ပီယံဆုနဲ့တော့ လွဲချော်ခဲ့ရပါတယ်။

အခု ဖော်ပြပေးခဲ့တာကတော့ ခြေစွမ်းကောင်းခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ အသင်းများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)မှာ ကျန်ရှိနေတဲ့ အသင်းတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Ronaldo.com
Photo: Goal.com , Sports Illustrated , The Siren’s Song
Ko Kyue(Akhayar)
www.akhayar.com