အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ်နဲ့ မျက်ခြေမပြတ်စေဖို့ အတွက် ယနေ့၊ နောက်ဆုံးရရှိထားတဲ့ နည်းပညာသတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ Samsung က Graphene ဘက်ထရီနဲ့ စမတ်ဖုန်းတလုံးကို ၂ နှစ်အတွင်း ထုတ်ဖို့ ကြိုးစားနေ
Samsung

Photo: Internet

Lithium-ion ဘက်ထရီတွေ သက်တမ်းပိုကြာစေဖို့အတွက် Graphene (ဂရပ်ဖင်း) ကို အသုံးပြုထားတဲ့ ဘက်ထရီနည်းပညာနည်းပညာတခုကို Samsung က မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ထုတ်လုပ်စရိတ်မြင့်မားတာကြောင့် ဈေးကွက်ဝင်ဖုန်းတွေမှာ ထည့်ရောင်းဖို့ အဆင်မပြေတဲ့ နည်းပညာတခု ဆိုပေမယ့် အားလုံးက ချီးကျုးခဲ့တဲ့ နည်းပညာတခုပါ။

အခုတော့ Samsung က Graphene ဘက်ထရီ အသုံးပြုထားတဲ့ စမတ်ဖုန်းတလုံးကို လာမယ့်နှစ် ဒါမှမဟုတ် ၂၀၂၁ မှာ တကယ် ထုတ်သွားဖို့ ရှိတယ်လို့ Evan Blass က ပြောကြားခဲ့ပါတယ်။ ဂရပ်ဖင်းဆိုတာ ကာဘွန်ဒြပ်စင်ရဲ့ ပုံသဏ္ဍာန်တမျိုး ဖြစ်ပါတယ်။ ပျားအုံကွက်သဏ္ဍာန် အလွှာပါးလေးထဲမှာ ကာဘွန်အက်တမ်လေးတွေ သိပ်သည်းစွာ စုဖွဲ့ထားတာပါ။

ဂရပ်ဖင်းနဲ့ ပြုလုပ်ထားတဲ့ ဘက်ထရီတွေဟာ Lithium-ion ဘက်ထရီတွေထက် အရွယ်တူတူကို စွမ်းအင်ပိုမိုသိုလှောင်နိုင်သလို အားသွင်းနှုန်းလည်း ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ ဂရပ်ဖင်းဘက်ထရီကို နာရီဝက်တောင် မကြာဘဲ အားအပြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆည်တော့ ဘက်ထရီအားပိုများဖို့နဲ့ ထုတ်လုပ်မှုစရိတ် လျော့ဖို့ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။

၂။ In-Display Fingerprint Scanner ထည့်ထားတဲ့ LCD ဖုန်းတလုံးကို Huawei ပြသ

မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာလို့ ခေါ်တဲ့ UD Fingerprint Scanner တွေကို လောလောဆယ် AMOLED ဖုန်းတွေမှာပဲ ထည့်သုံးနိုင်ပါသေးတယ်။ Pixel တခုချင်းစီ အလင်းမထိန်းချုပ်နိုင်တဲ့ LCD မှာ ထည့်ဖို့ အဆင်မပြေသေးပါဘူး။ တချို့ ဖုန်းကုမ္ပဏီတွေတော့ In-Display Fingeprint Scanner ပါတဲ့ LCD ဖုန်းတွေ လုပ်နေပြီဆိုပြီး သတင်းတွေ ကြားခဲ့ရပါတယ်။ ဒါပေမယ့် ၁ နှစ်လောက်သာ ကြာသွားတယ် ဘယ်ကုမ္ပဏီမှ တကယ်မထုတ်နိုင်သေးပါဘူး။

ဒီနေ့မှာတော့ Huawei က In-Display Fingerprint Scanner ပါတဲ့ ဖုန်းတလုံးကို ထုတ်ပြလိုက်ပါတယ်။ စမ်းသပ်မော်ဒယ်ဖြစ်တာကြောင့် ကာဗာကြီးတခု တပ်ထားလို့ ဒီနည်းပညာသစ်က ဘယ်လောက်ထူနိုင်မလဲ ဆိုတာတော့ သေချာမှန်းလို့ မရသေးပါဘူး။

Unlock လုပ်တာကတော့ ၃၀၀ မီလီစက္ကန့်ပဲ ကြာတာ တွေ့ရပါတယ်။ ၀.၃၄ စက္ကန့်ကြာတဲ့ OnePlus 6T ထက်တောင် နည်းနည်း မြန်ပါသေးတယ်။ စမ်းသပ်နေတုန်းဖြစ်တာကြောင့် ဒီနည်းပညာသစ်အသုံးပြုထားတဲ့ Huawei ဖုန်းတလုံးကို မကြာခင် တွေ့ရဖို့တော့ မရှိလောက်သေးပါဘူး။

၃။ Verizon က Tumblr ကို WordPress ပိုင်ရှင်ထံ ရောင်းချတော့မည်
Facebook

Photo: Tech Crunch

Verizon က ခေတ်ဦး ဆိုရှယ်မီဒီယာဖြစ်တဲ့ Tumblr ကို WordPress ကုမ္ပဏီ ပိုင်ရှင်ထံ ရောင်းချတော့မှာ ဖြစ်ပါတယ်။ Verizon ဟာ Tumblr ကို Yahoo ထံကနေ ၂၀၁၇ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။ အခုတော့ WordPress ပိုင်ရှင် Automattic Inc. ထံ မဖော်ပြထားတဲ့ ငွေပမာဏနဲ့ ပြန်ရောင်းတော့မှာ ဖြစ်ပါတယ်။

Axios ရဲ့ အဆိုအရ ဒေါ်လာ ၃ သန်းထဲနဲ့ ရောင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ မှာ Yahoo ဝယ်ခဲ့တဲ့ ဒေါ်လာ ၁.၁ ဘီလျံဈေးနဲ့ ယှဉ်ရင် တန်ကြေး အများကြီး နည်းသွားတာပါ။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာမှာ Tumblr မှာ Porn နဲ့ Adult Content တွေ ပိတ်ဖို့ Verizon အကြီးပိုင်းအရာရှိတွေက ဆုံးဖြတ်ချက် ချပြီးနောက်မှာ အသုံးပြုသူအများစုက Tumblr မသုံးဖို့ ဆန္ဒပြခဲ့ကြပြီး၊ တော်တော်များများလည်း Site ကနေ ထွက်သွားခဲ့ပါတယ်။ Verizon ဘက်က ဒီဆုံးဖြတ်ချက်ကို ပြင်ဖို့ အစီအစဉ် မရှိသလို၊ Automattic လက်ထဲမှာလည်း ပြင်ဖို့ မရှိဘူးလို့ သိရပါတယ်။

၎။ အမေရိကန်ရေတပ်က ဖျက်သင်္ဘောတွေမှာ Touchscreen Controls တွေ ဖြုတ်ပစ်မည်
US Navy

Photo: Engadget

အမေရိကန်စစ်တပ်ဆိုတာ နည်းပညာအသစ်အဆန်းတိုင်းကို အမြဲတမ်း တံခါးဖွင့်ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခါတော့ ထူးထူးခြားခြား နည်းပညာတခုကို ဆက်မသုံးတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ Touchscreen Controls တွေ မသုံးတော့ဖို့ပါ။

လာမယ့် ၁၈ လ ကနေ ၂၄ လအတွင်း အမေရိကန်ဖျက်သင်္ဘော Destroyers တွေမှာ Touchscreens တွေ အပြီးဖြုတ်သွားရမှာ ဖြစ်ပါတယ်။ ဒီ့အစား သမားရိုးကျ ပဲ့ထိန်းလက်ကိုင်ခလုတ်တွေ၊ လီဗာခလုတ်တွေပဲ ပြန်သုံးသွားရမှာပါ။

၂၀၁၇ ခုနှစ်မှာ USS John S. McCain သင်္ဘောနဲ့ လိုက်ဘေးရီးယားအလံလွှင့်ထားတဲ့ သင်္ဘောတစီး တိုက်မိတာကြောင့် ရေတပ်စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတခု လုပ်ခဲ့ပါတယ်။

စစ်သင်္ဘောရဲ့ ရှုပ်ထွေးတဲ့ Touchscreen Interface တွေရယ် လေ့ကျင့်သင်ကြားမှု ညံ့ဖျင်းတာတွေရယ်ကြောင့် တိုက်မိခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပြီးနောက်မှာ အခုလို Touchscreen Controls တွေ ဖြုတ်ဖို့ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

၅။ Huawei က Camera Algorithm ပိုကောင်းလာဖို့ အတွက် Meitu နဲ့ ပူးပေါင်း လုပ်ဆောင်
Huawei

Photo: Gizmochina

2019 Huawei Developer Conference မှာ Huawei က HarmonyOS နဲ့ ပထမဆုံး Smart TV တလုံးကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီထုတ်ကုန်အသစ်တွေအပြင် Huawei ဖုန်းတွေရဲ့ ကင်မရာစနစ် ပိုကောင်းလာဖို့အတွက် Meitu နဲ့ ပူးပေါင်းပြီး Camera Algorithm တွ ဖန်တီးသွားမှာ ဖြစ်ကြောင်းလည်း ကြေညာသွားခဲ့ပါတယ်။

Huawei ဖုန်းအသုံးပြုသူအများစုကလည်း Meitu ရဲ့ ကင်မရာဆော့ဖ်ဝဲတွေကို သုံးနေကြကြောင်း Huawei အမှုဆောင်အရာရှိတဦးက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် Huawei Camera App အတွက် Optimization နဲ့ Enhancement တွေ ဖန်တီးဖို့ Meitu Team ကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Huawei နည်းတူ Xiaomi ကလည်း Meitu နဲ့ ပူးပေါင်းကာ ကင်မရာအသားပေး Mi CC စီးရီး စမတ်ဖုန်းတွေကို ထုတ်လုပ်ထားပါတယ်။

၆။ ဈေးအနည်းဆုံး Galaxy A စီးရီး ဖုန်းတလုံးဖြစ်လာမယ့် Samsung Galaxy A10s
Feature Image (Galaxy A10s)

Photo: Samsung

Samsung ရဲ့ Galaxy A စီးရီးက ဒီနှစ်မှာ တော်တော်လေး ကောင်းလာတာ ငြင်းစရာမရှိပါဘူး။ အရင်ထက် တန်ဖိုးနဲ့ စွမ်းဆောင်ရည် ပိုမျှသွားတာကြောင့် အသုံးပြုသူတွေလည်း တခဲနက် အားပေးခဲ့ကြပါတယ်။ ဥရောပဈေးကွက်မှာတောင် Galaxy A စီးရီးကြောင့် ငါးနှစ်အတွင်း ရောင်းအားအကောင်းဆုံးစံချိန် တင်သွားခဲ့ပါသေးတယ်။

အခုလည်း Samsung က နောက်ထပ် A စီးရီးဖုန်းသစ်တလုံး ထပ်မိတ်ဆက်လိုက်ပါတယ်။ မနှစ်က မိတ်ဆက်ခဲ့တဲ့ Galaxy A10 ရဲ့ မော်ဒယ်အသစ် Galaxy A10s ပါ။ A10 ကို Upgrade လုပ်ထားတဲ့ မော်ဒယ်လို့ ပြောနိုင်ပါတယ်။

Galaxy A10s မှာ Helio P22 SoC ကို အသုံးပြုထားပြီး၊ 2GB RAM နဲ့ 32GB Storage တို့ ပါဝင်ပါတယ်။ Dual SIM နှစ်ကတ်အပြင် နောက်ထပ် microSD ကတ်တကတ် ထပ်စိုက်နိုင်ပါသေးတယ်။

6.2-inch IPS Infinity-V Display ကို အသုံးပြုထားပြီး၊ HD+ Resolution နဲ့ပါ။ Notch ထဲမှာတော့ 8MP, f/2.0 Selfie Camera တလုံး ပါဝင်ပါတယ်။ ကျောဘက်မှာတော့ f/1.8, 13MP Main Camera နဲ့ 2MP Depth Sensor ပါ။ Galaxy A10 တုန်းက လက်ဗွေရာဆန်ဆာ မပါပေမယ့် A10s မှာတော့ ကျောဘက် Fingerprint Sensor ကော Face Unlock စနစ်ပါ ပါဝင်လာပါတယ်။

တန်ဖိုးနည်းဖုန်းဆိုပေမယ့် 4,000mAh ဘက်ထရီကြီးကြီး သုံးပေးထားတာကလည်း အားရစရာပါ။ Android 9 Pie-based One UI နဲ့ပဲ ဖြစ်ပါတယ်။ အနီ။ အနက်၊ အစိမ်း၊ အပြာ လေးရောင် ထုတ်လုပ်ရောင်းချသွားမှာပါ။ ဈေးနှုန်း တရားဝင်မကြေညာရသေးပေမယ့် ၁၂၅ ဒေါ်လာလောက်ပဲ ရှိမယ်လို့ သိထားရပါတယ်။ A10 နဲ့ ဈေးသိပ်မကွာဘဲ စွမ်းဆောင်ရည်ပိုကောင်းလာတာကြောင့် လက်ရှိမှာ အတန်ဆုံး Galaxy A Series ဖုန်းလို့ ပြောနိုင်ပါတယ်။

၇။ Facebook လည်း Dark Mode စမ်းနေပြီ
Facebook

Photo: The Next Web

Android ကနေ iOS ၊ Twitter ကနေ Slack ရှိသမျှ App တိုင်း OS တိုင်းမှာ Dark Mode က မပါမဖြစ် Feature တခု ဖြစ်လာပါပြီ။ Dark Mode မရသေးတဲ့ နာမည်ကြီး App ဆိုလို့ Facebook လောက်ပဲ ကျန်ပါတော့မယ်။ ဒါပေမယ့် အခုတော့ Facebook App မှာလည်း Dark Mode ထည့်ဖို့ စမ်းနေပါပြီတဲ့။ Android App မှာ စမ်းနေတာ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းပေး Jane Manchun Wong က ရေးသားထားပါတယ်။

Ref: The Next Web, GSM Arena, Gizmochina, Engadget