Titanium Backup ဆိုတာကတော့ ဖုန်းထဲက App နဲ့ App Data တွေကို Backup လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့အစွမ်းထက် App တစ်မျိုးပါ။ တစ်ခေတ်တစ်ခါက Cloud Backup တွေ၊ Build-in Backup Tools တွေခေတ်မစားသေးတဲ့အချိန်မှာ Titanium Backup ဟာ End User တွေအတွက်တော့ အသည်းကျော်ဖြစ်ခဲ့ပါတယ်။

Root Permission လိုအပ်ပြီး User Data တွေ၊ App Data တွေကိုပါလုံးဝမပျောက်မပျက်အောင် Backup နဲ့ Restore လုပ်ပေးနိုင်တဲ့အထိ လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် Root Permission လိုအပ်သလို Call Log ၊ Contact နဲ့ SMS တွေ Backup ပြုလုပ်နိုင်ဖို့အတွက် Call Log ၊ SMS နဲ့ System Data တွေကိုပါဝင်ရောက်ဖတ်ရှုရပါတယ်။ ဒီကနေ့မနက်မှာတော့ Titanium Backup ကို Play Store က ၄င်းတို့ရဲ့ SMS/call log Policy တွေနဲ့ငြိစွန်းနေတဲ့အတွက် Store ပေါ်ကနေဖြုတ်ချလိုက်ပါတယ်။ ဒီသတင်းကိုတော့ Titanium Backup က ၄င်းတို့ရဲ့ Twitter စာမျက်နှာကတဆင့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး Google မှာသိတဲ့သူတစ်ယောက်လောက်ရှိမယ်ဆိုရင် ကူညီပြီးပြောပြပေးဖို့ကိုလည်း အကူညီတောင်းထားတာကိုတွေ့ရပါတယ်။

လက်ရှိမှာတော့ ပြဿနာတွေမပြေလည်သေးတဲ့အတွက် Titanium Backup ကို Play Store မှာ တွေ့ရဦးမှာမဟုတ်ပါဘူး။ ၄င်းတို့အနေနဲ့လည်း Google နဲ့ဆက်သွယ်ပြီး Play Store ပေါ်ပြန်ရောက်ဖို့အတွက်ကြိုးစားနေပါတယ်။ လက်တလောအသုံးပြုဖို့လိုနေတယ်ဆိုရင်တော့ APK Mirror မှာဝင်ပြီး Download ပြုလုပ်နိုင်ပါတယ်။