အခုနှစ်ပိုင်းအတွင်းမှာခေတ်အစားခဲ့ဆုံးက Online Shopping Facebook Page တွေလို့ပြောလို့ရပါတယ်။ ၁၀၀၀ တန် ၁၅၀၀ တန်ပစ္စည်းသေးသေးလေးတွေကအစ သောင်းတန် သိန်းတန် ပစ္စည်းတွေအထိ Page ပေါင်းစုံကနေရောင်းကြပါတယ်။ ဒီတော့ ဖေ့စ်ဘွတ်ပေါ်အလည်မရောက်လိုက်နဲ့ ရောက်တာနဲ့ Online Shopping Page တွေက ကြော်ငြာတဲ့ပစ္စည်းမျိုးစုံကို ကြည့်ပြီးတစ်ခုမဟုတ် တစ်ခုလိုချင်စိတ်ကဖြစ်တော့တာပါပဲ။ သူတို့တွေရဲ့ဆွဲဆောင်မှုကနေ ပြေးနိုင်သူတွေခပ်ရှားရှားမို့ ဒီလို Page တွေကနေ ပစ္စည်းဝယ်ရင် ဘာတွေသတိထားသင့်လဲဆိုတာ အားလုံးရဲ့အတွေ့အကြုံလေးတွေ မျှဝေကြည့်ကြပါစို့လား။

တစ်ရက်အချိန်ပေးပါ

ပစ္စည်းတစ်ခုကိုသေလောက်အောင် လိုချင်နေပါစေ၊ ပြန်စဉ်းစားသုံးသပ်ဖို့ တစ်ရက်အချိန်ပေးပါ။ တခြား Page တွေမှာရော ဒီပစ္စည်းကိုဒီဈေးနှုန်းနဲ့ရောင်းရဲ့လား၊ အပြင်မှာဝယ်မယ်ဆိုရင်ရော ဘယ်ဈေးရှိနေမလဲ၊ အပြင်ဈေးနဲ့ အရမ်းကွာဟနေတာမျိုးလား တချက်စဉ်းစားပါ။ ပစ္စည်းအောက်မှာ ရေးထားတဲ့ Comment အကောင်းအဆိုးတွေကို တချက်ဖတ်ကြည့်ပါဦး။

စိတ်ချရမှု

ရောင်းတဲ့ Page ကစိတ်ချရသလား၊ ပေါ်ပင်ထရောင်းတာလား ကြည့်သင့်ပါတယ်။ တချို့တွေက ငွေလွှဲပြီးမှ ပစ္စည်းပို့မယ်ဆိုတာမျိုးတွေ ရှိတော့ အလိမ်ခံရတာမျိုးတွေ အများကြီး ကြုံရပါတယ်။ ပစ္စည်းရောက်ငွေချေ စနစ်ကတော့အကောင်းဆုံးပါ။ ဒါကြောင့် ကိုယ်ဝယ်ယူအားပေးမယ့် Shopping Page ကနာမည်ပျက်ရှိမရှိ မဖြစ်မနေလေ့လာသင့်ပါတယ်။

ကိုယ့်အကြောင်းကိုယ်သိ

ကိုယ်က အင်းကျီတစ်ထည်ကို အရမ်းကြိုက်နေပေမယ့် ကိုယ့်ခန္ဓာကိုယ်အချိုးအစား၊ ပိတ်စအသား၊ ဒီဇိုင်း တို့ကိုအဘက်ဘက်က သုံးသပ်ပါ။ Page ပေါ်မှာတော့ ကင်မရာကောင်းကောင်း၊ မော်ဒယ်လှလှလေးနဲ့ရိုက်ပြထားတော့ သားရည်ကျချင်စရာပေါ့။ ကိုယ့်ဆီရောက်လာမှ ကိုယ်နဲ့မလိုက်ဖက်ဘဲ ချောင်ထိုးထားရတာတွေ မနည်းမနောပါ။ ဒါကြောင့် Online Shopping Page တွေကနေ ပစ္စည်းဝယ်ရင် ကောင်လေးတစ်ယောက်ကို အဖြေပေးဖို့ စဉ်းစားသလောက်နီးနီး စဉ်းစားနိုင်ပါမှ တော်ကာကျပါမယ်။

You May Also Like :အလိုက်ဖက်ဆုံးအိတ်ကို ဘယ်လိုရွေးမလဲ

အလှကုန်တွေဆိုမဝယ်ပါနဲ့

Skincare နဲ့ Cosmetic တွေဟာ ကိုယ့်အရေပြားနဲ့ သေသေချာချာ ထိတွေ့စမ်းသပ်ပြီးမှ အဆင်ပြေနိုင်တာမျိုးပါ။ လူတစ်ယောက်နဲ့တစ်ယောက် အသားအရေကလည်းမတူညီပါဘူး။ ဒါကြောင့် Page တွေကနေ ရောင်းတဲ့အလှကုန်ကို ဝယ်ဖို့ဆိုတာဟာ စွန့်စားရာကျလွန်းပါတယ်။အပြင်မှာပြုးပြဲစစ်ဆေးတာတောင်အတုနဲ့အစစ် ခွဲရခက်လွန်းတာမို့  ပုံလှလှလေးတွေမြင်တာနဲ့ဝယ်လိမ်းလိုက်ဖို့ မဆုံးဖြတ်သင့်ပါဘူး။ တကယ့်နာမည်ကြီး Brand ၊ တည်နေရာအတည်တကျနဲ့ ခိုင်မာမှုရှိတဲ့ Brand မျိုးဆိုရင်တော့ တမျိုးပေါ့နော်။

လုံခြုံမှုအတွက်သတိရှိပါ

ကိုယ်ကပစ္စည်းမှာမယ်ဆိုရင် ကိုယ့်အိမ်ကိုလာပို့ခိုင်းတာထက် လူအများရှိတဲ့ရုံး၊ သင်တန်းနေရာတွေကို လာပို့ခိုင်းတာက ပိုအဆင်ပြေပါတယ်။ ရောင်းသူတွေက ပစ္စည်းပို့ဖို့ Delivery ကိုအပ်တာဖြစ်တဲ့အတွက် ကိုယ့်နေရာ ကိုယ့်အိမ်ရှေ့ရောက်လာမယ့်သူဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ မသိနိုင်ပါဘူး။ အိမ်ရှေ့ရောက်လာသူက ကိုယ့်အိမ်အနေအထား ပတ်ဝန်းကျင် အခြေအနေကိုတော့ မြင်တွေ့ခွင့်ရသွားမှာပါ။ ဒါကြောင့် ကိုယ့်လုံခြုံမှုအတွက်ဆိုရင် လူအများရှိနိုင်တဲ့ ရုံး၊ ကျောင်း၊ သင်တန်း စတဲ့နေရာတွေမှာချိန်းဆိုပြီး လက်ခံတာက ပိုကောင်းပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တစိမ်းလူက မလိုအပ်ဘဲကြာနေတာမျိုး မဖြစ်ရအောင် ပေးရမယ့် ငွေအတိအကျ ၊ အကြွေက အစအပြီးသတ်ပြင်ဆင်ထားပေးတာအကောင်းဆုံးပါ။

ဂျူဂျုး (အခရာ)

www.akhayar.com