ကိုယ့်ရဲ့ကြော့မော့ဝံ့ကြွားတဲ့ဟန်လေးကိုဖန်တီးဖို့ဖိနပ်မြင့်မြင့်လေးတွေကလည်းအထောက်အပံ့ပေးပါတယ်နော်။ လှချင်ဇောနဲ့ဖိနပ်အမြင့်တွေစီးပြီး ရေရှည်ဆိုးကျိုးကိုဂရုမစိုက်ဘူးဆိုရင် နောက်ဆုံးမှာခြေထောက်ကဒဏ်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ဒေါက်ဖိနပ်လေးတွေစီးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါနော်။

ဖိနပ်ဆိုဒ်နဲ့ခြေထောက်အရွယ်အစား

ခြေထောက်အရွယ်အစားဟာအသက်၂၀ကျော်အရွယ်ရောက်တဲ့အထိတောင်ပြောင်းလဲနေသေးတာမို့ ကိုယ့်ရဲ့ခြေထောက်အရွယ်အစားကိုသေသေချာချာသိဖို့လိုပါတယ်။ ကိုယ့်ရဲ့ဖိနပ်ဆိုဒ်ကိုထုတ်ပေးရုံနဲ့စမ်းမစီးကြည့်ဘဲ မဝယ်သင့်ပါဘူး။

ညနေပိုင်းမှဖိနပ်ဝယ်ပါ

ဖိနပ်ရွေးမယ်ဆိုရင် ညနေဘက်မှာသွားရွေးသင့်ပါတယ်။ တစ်နေကုန်သွားလာလှုပ်ရှားနေရတဲ့အတွက် ခြေထောက်ကဖောင်းနေတတ်ပါတယ်။ ဒီအချိန်မှာရွေးတာကကိုယ့်ခြေထောက်နဲ့ အသင့်တော်ဆုံးဆိုဒ်ကိုရစေပါတယ်။ မနက်ပိုင်းမှာရွေးချယ်တဲ့ဖိနပ်ကနေ့ခင်းဘက်နဲ့ညနေဘက်တွေဆိုရင် ကျပ်နေပြီးအဆင်မပြေတော့တာမျိုးဖြစ်နိုင်ပါတယ်။

ဖိနပ်ရွေးတဲ့အခါ စတိုးဆိုင်တစ်ပတ်လမ်းလျှောက်ကြည့်နိုင်ရင် အကောင်းဆုံးပါ။ လမ်းလျှောက်နေတုန်းမှာနာကျင်လာတာမျိုး စီးရတာပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးပင်နေတာမျိုးဆိုရင် လုံးဝမဝယ်ပါနဲ့။

ခြေချောင်းနေရာ

ထိပ်ပိတ်ရှူးတွေဝယ်တဲ့အခါ ခြေချောင်းအတွက် Space လေးထားပေးရပါမယ်။ ဖိနပ်ထိပ်နဲ့ခြေချောင်းကွက်တိဖြစ်နေတာမျိုးဆိုရင် ကြာလာတဲ့အခါ ခြေချောင်းလေးတွေနာကျင်ပြီးဒဏ်ရာဖြစ်လာတတ်ပါတယ်။

ဒေါက်အမြင့်

နေ့စဉ်သွားလာလှုပ်ရှားဖို့အတွက်ဆိုရင်တော့ ဒေါက်တစ်လက်မခွဲကနေ နှစ်လက်မအမြင့်က အသင့်တော်ဆုံးပါ။ သုံးလက်မဆိုရင်တော့ အလုပ်မှာစီးဖို့ အဆင်ပြေပါတယ်။ လေးလက်မထောက်ဆိုရင်တော့ ပွဲလမ်းသဘင်သွားတဲ့အခါ ခဏတဖြုတ်စီးတာမျိုးက အဆင်ပြေပါတယ်။

မတူညီတဲ့ခြေထောက်ပုံစံ

လူတစ်ယောက်နဲ့တစ်ယောက်ခြေထောက်ပုံစံတွေမတူညီကြပါဘူး။ တချို့ကခြေဖဝါးဗြက်ကျယ်ပြီးခြေခုံမို့ပါတယ်။ ခြေချောင်းလေးတွေတိုပါတယ်။ တချို့ကတော့ခြေချောင်းရှည်ရှည်ခြေဖဝါးသေးသေးသွယ်သွယ်နဲ့ပါ။ ဒါကြောင့်ခြေထောက်ပုံစံကိုကြည့်ပြီးဖိနပ်ဒီဇိုင်းကိုရွေးတတ်ဖို့လည်းလိုပါတယ်။

  • လယ်သာရှူးတွေကပျော့ပျော့ပျောင်းပျောင်းရှိတာမို့ ခြေထောက်ကိုသက်သောင့်သက်သာဖြစ်စေပါတယ်။
  • ဖိနပ်မပေါက်ဖို့ ဖိနပ်ထဲထည့်တဲ့ ကူရှင်လေးတွေကိုဆောင်ထားသင့်ပါတယ်။
  • ဒေါက်ဖိနပ်အမြင့်ချည်းပဲနေ့စဉ်မစီးပါနဲ့။ ဒေါက်အမြင့်တလှည့် အနိမ့်တလှည့် ပြောင်းလဲပြီးစီးသင့်ပါတယ်။
  • ခြေချင်းဝတ်တုတ်တယ်ဆိုရင် ခြေချင်းဝတ်မှာကြိုးပတ်တဲ့ ဒီဇိုင်းမျိုးတွေ မစီးပါနဲ့။ ခြေထောက်ကြီးတာကိုပိုသိသာစေပါတယ်။

ဒေါက်အမြင့်စီးဖို့ သွေးပူလေ့ကျင့်ခန်း

ဒေါက်ဖိနပ်မစီးခင် ခြေထောက်ကအဆင်သင့်ဖြစ်နေဖို့အတွက်သွေးပူလေ့ကျင့်ခန်းလုပ်ပါ။

  • ခြေဗလာနဲ့ကြမ်းပြင်ပေါ်ရပ်ပါ။ ခြေချောင်းလေးတွေကို ကြမ်းပြင်ပေါ်မှာ မြဲမြံနေပါစေ။ ဒူးအနည်းငယ်ကွေးလိုက်ပါ။
  • ခြေဖနောင့်ကိုမဏ္ဍိုင်ထားပြီးခြေထောက်ကိုဘယ်ညာလှည့်ပါ။ ခပ်မြန်မြန်နဲ့ အကြိမ်ရေများများတိုးပြီးပြုလုပ်ပါ။
  • ဒီလေ့ကျင့်ခန်းက သင့်ခြေထောက်တွေကိုဒေါက်အမြင့်စီးဖို့ အဆင်သင့်ဖြစ်နေစေပါတယ်။

ဂျူဂျူး(အခရာ)

www.akhayar.com