PSG – ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရတဲ့ PSG တိုက်စစ်ကစားသမား နေမာ Neymar ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဒီအနေအထားဟာ PSG အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ နေမာ ဟာ PSG အသင်းအတွက် ပွဲပေါင်း(၂၃)ပွဲကစား ဂိုး(၂၀)သွင်းယူထားပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ် Saul Niguez ကိုခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ် ရှိပြီဖြစ်သူ ဆာအူလ် ဟာ ရာသီတိုင်းလိုလို အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ပွဲပေါင်း(၃၆)ပွဲကစား(၅)ဂိုးသွင်းယူထားပါတယ်။

ဝုလ်ဗ် – ၀ုလ်ဗ်အသင်းဟာ ဘင်ဖီကာအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီမီနက်ဇ် Jimenez ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟီမီနက်ဇ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ၀ုလ်ဗ်အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ကစားနေသူဖြစ်ပြီး သွင်းဂိုး(၁၅)ဂိုးသွင်းယူထားပါတယ်။

မန်ယူ – မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာ Valencia ဟာ မေဂျာလိဂ်ဘက်က ကမ်းလှမ်းမှုတစ်ခုကို စဉ်းစားနေတယ်လို့ သိရပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ မေဂျာလိဂ်ကလပ်အသင်းတစ်သင်းက ဗလင်စီယာ ကို (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဗလင်စီယာ ဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ရှိနေသူဖြစ်ပါတယ်။

PSG – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Coupe de France ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ PSG အသင်းက Nantes အသင်းကို ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ PSG အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဗာရက်တီ Verratti ၊ ဘာပေ Mbappe နဲ့ ဒန်နီအဲလ်ဗတ်စ် Dani Alves တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ဗိုလ်လုပွဲမှာ Rennes အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Metro
Photo: PSG Twitter , Metro , The Independent
Ko Kyue(Akhayar)
www.akhayar.com