ချယ်လ်ဆီး – မန်စီးတီးအသင်းနဲ့ လိဂ်ဖလားဗိုလ်လုပွဲကလုပ်ရပ်အတွက် ချယ်လ်ဆီးအသင်းဟာ ဂိုးသမားကီပါ Kepa ကို တစ်ပတ်လုပ်ခဒဏ်ငွေချမှတ်ခဲ့တဲ့လို့ သိရပါတယ်။ ဒီဒဏ်ငွေကို ချယ်လ်ဆီးဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်ပြီး ကီပါ ဟာ သူ့ရဲ့လုပ်ရပ်အတွက် နည်းပြနဲ့ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

မန်ယူ – မန်ယူတိုက်စစ်မှူး လူကာကူ Lukaku ဟာ ဘယ်နေရာမှမဆို ကစားဖို့အဆင့်သင့်ရှိနေတယ်လို့ ယုံကြည်မှုရှိနေပါတယ်။ လူကာကူ ဟာ နည်းပြဆိုးလ်ရှား Solskjaer လက်ထက်မှာ ညာခြမ်းတိုက်စစ်နေရာမှာ ကစားခွင့်ပိုများနေသူပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်ရှိအချိန်ထိ လူကာကူ ဟာ မန်ယူအသင်းအတွက် (၃၄)ပွဲကစား (၉)ဂိုးသွင်းယူထားပါတယ်။

PSG – PSG တိုက်စစ်မှူး ကာဗာနီ Cavani ဟာ ဒီတစ်ပတ်ထဲမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာဖြစ်တယ်လို့ နည်းပြတူချယ် Tuchel က အတည်ပြုခဲ့ပါတယ်။ ကာဗာနီ ပြန်လာနိုင်တော့မှာဖြစ်တာကြောင့် တိုက်စစ်ပိုင်း ပြဿနာတွေရှိနေတဲ့ PSG အသင်းအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ကာဗာနီ ဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်ရှိအချိန်ထိ PSG အသင်းအတွက် (၂၆)ပွဲကစား (၂၂)ဂိုးသွင်းယူထားပါတယ်။

ဒေါ့မွန် – ပေါင်ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ် Marco Reus ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဒဏ်ရာပြဿနာကြောင့် မာကိုရွိုက်စ် ဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအ၀င် အသင်းရဲ့ ပွဲစဉ်တချို့ကိုလွဲချော်ခဲ့ပါတယ်။ လက်ရှိဒေါ့မွန်အသင်းရဲ့ ရလဒ်တွေဟာ အနည်းငယ်အကျပိုင်းရောက်နေတာကြောင့် မာကိုရွိုက်စ် ဒဏ်ရာကနေပြန်လာနိုင်ခဲ့တာက အသင်းအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဒီယာဘီ Diaby ဟာ ကစားသမားဘ၀ကနေ အသက်(၃၂)နှစ်အရွယ်မှာပဲ အနားယူခဲ့ပြီလို့သိရပါတယ်။ ဒီယာဘီ ဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ ကစားသမားဘ၀တစ်လျှောက်လုံး ရုန်းကန်နေရသူပဲဖြစ်ပါတယ်။ ဒီယာဘီ ဟာ သူ့ရဲ့ကစားသမားဘ၀ကို Auxerre ၊ အာဆင်နယ် ၊ မာဆေးလ်အသင်းတွေနဲ့ အတူဖြတ်သန်းခဲ့ပါတယ်။

Ref: BBC Sports , Ronaldo.com , Sportskeeda , Fox Sports Asia
Photo: The Independent , Sportskeeda , Web.de , AP News
Ko Kyue(Akhayar)
www.akhayar.com