စပို့တင်းလစ္စဘွန်း – မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်ဇ် Bruno Fernandes ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာပြီးဆုံးခါနီးမှာတော့ ဖာနန်ဒက်ဇ် ဟာ ရီးယဲလ်အသင်းနဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ မန်ဇူကစ် Mandzukic နဲ့ အမ်မရီချန် Emre Can တို့ကို ရောင်းထုတ်ဖို့ ကြိုးစားလိမ့်မယ်လို့ သိရပါတယ်။ ဒီကစားသမား (၂)ဦးလုံးဟာ အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲလူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတုန်းပဲလို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့ အသင်ကြီးတွေက စိတ်ဝင်စားနေကြပြီး အက်သလက်တီကိုအသင်းကတော့ လာမယ့် ဇန်န၀ါရီမှာ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆာနေး ဟာ ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်း နောက်ခံလူ လိုဗရန် Lovren ဟာ ဒီနွေမှာ အေစီမီလန် နဲ့ ရိုးမားစတဲ့ အသင်းတွေကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လိုဗရန် ရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်လာခြင်းမရှိခဲ့ပါဘူး။ါ

ဘာစီလိုနာ – ဘာစီလိုနာ ကွင်းလယ်လူ ရာကီတစ် Rakitic ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ တော်တော်လေးကို နီးစပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရာကီတစ် ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ မန်ယူကစားသမားတွေဖြစ်တဲ့ ဒီဂီယာ De Gea ၊ ဘာယီ Bailly နဲ့ မာတစ် Matic တို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒီကစားသမား(၃)ဦးဟာ မန်ယူအသင်းမှာ အနာဂတ်ဆက်ရှိဖို့ ခန့်မှန်းရခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။

ဖလာမင်ဂို – ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ၀ါရင့်ကွင်းလယ်လူ မာခီစီယို Marchisio ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မာခီစီယို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အင်တာမီလန်အသင်းနဲ့ သတင်းတွေထွက်ခဲ့ပါတယ်။

ဟူဆာကာ – ဟူဆာကာအသင်းဟာ မာလာဂါအသင်းနဲ့ (၂)ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့တဲ့ တိုက်စစ်မှူး အိုကာဇာကီ Okazaki ကိုခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ အိုကာဇာကီ ဟာ ဟူဆာကာအသင်းနဲ့ (၁)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Daily Express
Ko Kyue(Akhayar)
www.akhayar.com