မိုးလင်းလည်း ဖွဘုတ် အိပ်လည်းဖွဘုတ် ဖြစ်နေသူတွေ ၊ အွန်လိုင်းဂိမ်းတွေကနေ မစွန့်ခွာနိုင်စွဲလမ်းလွန်းသူတွေဆိုတာ ဒီဘက်ခေတ်မှာ အများကြီးရှိလာပါပြီ။ တရုတ်နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ အချိန်ဖြုန်းလွန်း ဂိမ်းထဲနစ်မြုပ်လွန်းပြီး အစားမစားဖြစ်ဘဲ သေသွားတဲ့သူတွေ ၊ ကလေးတွေကို မစောင့်ရှောက်လို့ ကလေးသေသွားတာတွေ ၊ အဲလိုနဲ့ ထောင်ထဲရောက်သွားတာတွေ စတဲ့ဖြစ်ရပ်ဆိုးတွေ အများကြီးတွေ့နေရပါတယ်။

ကိုယ်တိုင်ကရော ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ဖုန်းတွေ ၊ ကွန်ပျူတာတွေနဲ့ဖက်အိပ်ရင်း လူမှုကွန်ရက်ပေါ်မှာ အချိန်ကုန်လွန်းနေသူလား ၊ ကိုယ့်ရဲ့စွဲလမ်းမှုက ဆိုးရွားတဲ့အဆင့်ကိုရောက်နေပြီလား ၊ အင်တာနက်ဖြတ်စခန်းတွေဘာတွေ သွားရတော့မှာလားဆိုတာသိနိုင်ဖို့ အရေးကြီးတဲ့ ဒီအချက် ၃ ချက်နဲ့ ချိန်ဆကြည့်ပါ။ ဒီအချက်တွေကတော့ ကိုယ့်ဘဝကိုပါ ထိခိုက်လာတဲ့ အဆိုးရွားဆုံးအချက်တွေပါပဲ။

ဖွဘုတ်ပေါ်အချိန်ဖြုန်းလွန်းလို့ အလုပ်ပြုတ်လုဆဲဆဲဖြစ်နေပြီလား

ကိုယ်ကသာမန်လူတွေလို ညဘက်အားတဲ့အချိန်မှာ ဖွဘုတ်လေးကြည့် ၊ ထမင်းစားချိန်မှာ သုံးတာမျိုးမဟုတ်ဘဲ အလုပ်ချိန်ရဲ့ ၃ ပုံ ၂ ပုံလောက်ကို လူမှုကွန်ရက်တွေပေါ်မှာ အချိန်ကုန်သွားတယ်ဆိုလို့ရှိရင် အချိန်ကြာလာတဲ့အခါ ကိုယ့်လုပ်အားကသိသိသာသာထိုးဆင်းနေတာ တွေ့လာကြမှာပါ။ ဂိမ်းဆော့လွန်းလို့ ၊ ဖွဘုတ်သုံးလွန်းလို့ အလုပ်ထိခိုက်သွားတာမျိုးတွေ ရှိလာခဲ့ပြီဆိုရင်တော့ ကိုယ့်ဘဝအတွက် ဒီအရာတွေကိုမဖြစ်မနေဖြတ်ရတော့မှာပါ။ ပြန်တည်ဆောက်ဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ပျော်ရွှင်ချိန်တွေ ခဏခဏလွတ်ထွက်သွားတတ်သလား

သူငယ်ချင်းတွေအတူဆုံတယ် ၊ မိသားစုတွေ ဆုံတယ်။ ဒီလိုအချိန်မှာ ကိုယ်က ဖုန်းနဲ့မျက်နှာနဲ့မခွာနိုင်ဘူးဖြစ်နေတယ်။ ရယ်မောပျော်ရွှင်ကြတာ ဘာမှန်းတောင်မသိလိုက်ဘူး။ စိတ်ထဲမှာ ထူးထူးခြားခြားကြည်နူးမှုမရဘဲ အချိန်တွေကုန်သွားခဲ့တယ်ဆိုရင် ကိုယ့်အတွက်အခြေအနေမကောင်းတော့ဘူးဆိုတာ သိသင့်ပါတယ်။

ကိုယ်လည်းဒီလိုတွေဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါ တူမလေးကပြောပါတယ်။ သမီးတို့နဲ့တွေ့လည်း ဘာမှထူးတာမဟုတ် ဖုန်းပဲကြည့်နေတာတဲ့။ အဘွားကလည်းပြောတယ် အဲဒီအပြားကြီးပဲ ကြည့်မနေနဲ့တဲ့လေ။ အဲဒီနောက်ပိုင်းတော့ တော်တော်လေး ဆင်ခြင်တတ်လာပါတယ်။

အလုပ်ကိစ္စရှိလို့ ဗိုက်ဘာတို့ မေးလ်တို့ကို တချက်တချက် ဖွင့်ကြည့်ရတာကလွဲရင် တန်ဖိုးရှိတဲ့အချိန်တွေကို နှလုံးသားနဲ့နှစ်ပြီးပျော်ရွှင်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပျော်စရာလေးတွေ ခဏခဏလွတ်ကျသွားအောင် ဖုန်းကဆွဲဆောင်ထားနိုင်ပြီဆိုရင်တော့ Digital Detox လုပ်ဖို့လိုနေပြီဖြစ်ပါတယ်။

ကိုယ့်ဘေးနားကလူတွေထက် ဖွဘုတ်ပေါ်ကလူတွေနဲ့ချည်းအချိန်ကုန်နေမိပြီလား

လုပ်ဖော်ကိုင်ဖက်တွေအများကြီးဘေးနားမှာရှိပါရဲ့ သူတို့နဲ့အပြုံးချင်းဖလှယ်တာမျိုးသိပ်မရှိ စကားလည်း သိပ်မပြောဖြစ်ဘဲ အကောင့်နာမည်လှလှလေးတွေနဲ့ပဲ စကားတွေပြောဖြစ်နေရင် သင့်ရဲ့ဖြစ်တည်မှုအနှစ်သာရက တဖြည်းဖြည်းအထီးကျန်ဆန်လာမှာပါ။ အပြင်က လုပ်ဖော်ကိုင်ဖက်တွေဟာ အခက်အခဲတစ်ခုခုကြုံလာရင် ကိုယ်ထိလက်ရောက်ကူညီမယ့်သူတွေပါ။ ဖွဘုတ်ပေါ်က ခင်လွန်းပါတယ်ဆိုတဲ့သူတွေဟာ ကိုယ်ဆေးရုံတက်ရရင် ဘေးနားရောက်ချင်မှရောက်လာမှာပါ။

ဒါကြောင့် ကိုယ့်ဘေးနားရှိသူတွေကို တန်ဖိုးထားတတ်ရပါမယ်။ အချိန်ပေးရပါမယ်။ အဲလိုမဟုတ်ဘဲ အွန်လိုင်းမှ အွန်လိုင်းစွဲလမ်းနေရင် ဒီအကျင့်ကိုပေါ့ပေါ့လေးသဘောမထားဘဲ ပြန်ပြုပြင်တည်ဆောက်ဖို့စဉ်းစားပါတော့။

ကဲ…ဘော်ဘော်တို့တွေ ဒီလက္ခဏာတွေနည်းနည်းရှိနေပြီဆိုရင် ဖုန်းသုံးတာလေးကိုအချိန်လေးကန့်သတ် ချင့်ချိန် ၊ အပြင်လေးဘာလေးထွက် ၊ စာအုပ်လေးတွေဖတ် ၊ ဘော်ဒါတွေနဲ့ တွေ့ဆုံပြီး ပျော်ပျော်နေကာ Digital Detox လုပ်ပါလို့။

ဂျူဂျူး(အခရာ)

www.akhayar.com