ခရီးသွားရတာနှစ်သက်သူတွေအတွက် ခရီးသွားတဲ့အခါ လေယာဉ်စရိတ်ကို အများကြီးရင်နှီးမြှုပ်နှံရတဲ့အပြင် လေယာဉ်ချိန်မရောက်သေးလို့ စောင့်ဆိုင်းနေတဲ့အချိန်မှာ အပျင်းပြေအောင် ဟိုကြည့်ဒီကြည့် ကြည့်ရင်းကနေ လေဆိပ်မှာ ဆွဲဆောင်မှုရှိရှိ ခင်းကျင်းထားတဲ့ ပစ္စည်းတွေကိုတွေ့တော့ ကိုယ်များ အခြားနိုင်ငံရောက်ရင် လိုမလားဆိုပြီး လေဆိပ်မှာ ဝယ်ယူမိတတ်ကြပြန်ပါတယ်။ တစ်ချို့ကျတော့လည်း လက်ဆောင်ပစ္စည်းမပါလာလို့ လေဆိပ်မှာ အလောတကြီး ဝယ်ယူမိတာမျိုး၊ တစ်ချို့ကျတော့လည်း လမ်းခရီးအတွက် လိုအပ်တဲ့ပစ္စည်းတွေ အိမ်မှာကျန်ခဲ့လို့ လိုအပ်မလားဆိုပြီး ဝယ်ယူမိတတ်ကြပြန်ပါတယ်။ ဘာကြောင့်ပဲဝယ်ဝယ် မလိုအပ်ဘဲ ပစ္စည်းလေးတွေဝယ်မိလို့ ခရီးစဉ်အတွက် သုံးဖို့ပိုက်ဆံထဲကနေ အပိုငွေတွေ ကုန်သွားတာမျိုး ဖြစ်တတ်ကြပါတယ်။ အဲလိုမဖြစ်ရအောင် ဘယ်ပစ္စည်းတွေကို လေဆိပ်မှာ မဝယ်သင့်ဘူးလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

အစားအစာ

လေဆိပ်မှာ အပျင်းပြေမုန့်တွေစားနေတာက အချိန်ကုန်မြန်စေတာမှန်ပေမယ့်လည်း လေယာဉ်ပေါ်ရောက်တဲ့အခါမှာ မအီမသာဖြစ်စေပါတယ်။ ဒါအပြင် လေဆိပ်မှာရောင်းတဲ့ အစားအသောက်တွေက သာမန်ဆိုင်တွေထက် ဈေးပိုကြီးနေတတ်ပြီး အရသာကလည်း သာမန်ဆိုင်တွေလောက် မရှိကြတာများပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့အခါမှာလည်း အမျုားစုသော လေကြောင်းတွေက အစားအသောက်တွေ ကျွေးမွေးတတ်ကြသေးလို့ လေဆိပ်မှာစားသောက်ခြင်းက အပိုငွေကုန်စေတာကိုသာ ဖြစ်စေပါတယ်။

Food

Food 

ရေ

လေကြောင်းနဲ့ခရီးသွားတာက ရုပ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုး(ဥပမာ-နားအူခြင်း)တွေ ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ကိုလည်း ခန်းခြောက်စေပါတယ်။ အဲ့ဒါကြောင့် ရေဓာတ်ဖြည့်တင်းဖို့ လိုမလားဆိုပြီး လေဆိပ်မှာ ရေဝယ်တတ်ကြပါတယ်။ ခရီးသွားနေကျ ခရီးသွားသမားတွေကတော့ လေဆိပ်မှာ ဘယ်သောအခါမှ ရေကို ဝယ်လေ့ဝယ်ထမရှိကြပါဘူး။ လုံခြုံရေးစစ်ဆေးတဲ့ဂိတ်ကို ဖြတ်တဲ့အခါမှာ အရည်ကလည်း သယ်ဆောင်သွားခွင့်မရှိတဲ့အတွက် လေဆိပ်မှာ ရေဝယ်သွားလို့ ငွေကုန်သွားတာပဲ အဖတ်တင်ပါတယ်။ အဲဒီအစား ခေါက်သိမ်းလို့ရတဲ့ ခွက်လေးကို အိတ်ထဲမှာ ဆောင်ထားပြီး ရေထားပေးတဲ့နေရာကနေ ယူသောက်တာက ပိုအဆင်ပြေစေပါတယ်။ လေယာဉ်ပေါ်ရောက်ရင်လည်း ရေတိုက်တဲ့အတွက် မလိုအပ်ဘဲ ငွေပိုသုံးစရာမလိုတော့ဘူးပေါ့။

Water

Water

အမှတ်တရလက်ဆောင်ပစ္စည်း

လေဆိပ်မှာ မဝယ်သင့်တဲ့ပစ္စည်းတွေထဲမှာ အမှတ်တရလက်ဆောင်ပစ္စည်းလည်း အပါအဝင်ဖြစ်ပါတယ်။ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ခရီးသွားရင် ဝယ်တတ်ကြတာမှန်ပေမယ့်လည်း လေဆိပ်မှာတော့ မဝယ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေဆိပ်မှာရှိတဲ့ လက်ဆောင်ပစ္စည်းတွေရဲ့ဈေးနှုန်းက အခြားသောနေရာတွေမှာရှိတဲ့ ဈေးနှုန်းတွေထက် အဆမတန် ပိုများနေတတ်လို့ပါပဲ။ ခရီးကအပြန် အမှတ်တရလက်ဆောင်ပစ္စည်းပေးချင်လို့ မဖြစ်မနေဝယ်ယူရမယ်ဆိုရင်တော့ ခရီးလမ်းတစ်လျှောက်မှာပဲ ဈေးနှုန်းတွေကို သေချာစစ်ဆေးပြီး ဝယ်ယူသင့်ပါတယ်။

နိုင်ငံခြားငွေကြေး

နိုင်ငံရပ်ခြားခရီးသွားတဲ့အခါမှာ အသုံးပြုရတဲ့ နိုင်ငံခြားသုံးငွေကြေးကိုလည်း လေဆိပ်မှာ မလဲသင့်ပါဘူး။ နိုင်ငံခြားသုံးငွေကြေးကို လေဆိပ်မှာလဲခြင်းက အခြားငွေလဲကောင်တာတွေမှာ လဲတာထက် ပိုမိုဈေးကြီးနေတတ်တာကြောင့် ကိုယ်သုံးမယ့်ငွေကြေးပမာဏကို ကြိုတင်တွက်ကြည့်သွားကာ ကြိုတင်လဲလှယ်သွားတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် နိုင်ငံတကာသုံး ATM ကဒ်ကို သယ်ဆောင်သွားပြီး ATM စက်ကနေ ထုတ်ယူပြီး အသုံးပြုတာမျိုးလည်း ပြုလုပ်လို့ရပါတယ်။

Foreign Currency

Foreign Currency

ဆေးဝါးများ

ခရီးသွားတဲ့အခါ လိုအပ်တဲ့ဆေးဝါးတွေ မေ့ကျန်ခဲ့လို့ လေဆိပ်မှာ ဝယ်ဖို့စဉ်စားထားတဲ့ အတွေးတွေကို ချက်ချင်းပြောင်းလိုက်ပါ။ လေဆိပ်မှာရှိတဲ့ ဆေးဝါးတွေရဲ့ဈေးနှုန်းတွေက သာမန်နေရာတွေမှာရှိတဲ့ ဈေးနှုန်းတွေထက် အဆမတန်များနေတတ်လို့ မဖြစ်မနေ ဝယ်မှဖြစ်တော့မယ်ဆိုရင် လေဆိပ်ပြင်ပရောက်မှသာ ဝယ်ဖို့ အကြံပြုပါရစေ။

Chocolates

Chocolate က ဦးနှောက်အတွက် ကောင်းမွန်စေတဲ့ အရာဖြစ်တဲ့အပြင် အချိုဓာတ်က စိတ်ကိုပျော်ရွှင်စေလို့ လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့ ခရီးသွားတဲ့အခါ လေဆိပ်ရှိ Duty-free Shop တွေမှာ Chocolate တွေ့ရင် Duty-free Shop မို့ ဈေးသက်သာမယ်ထင်ပြီး အပြေးအလွှား ဝယ်တတ်ကြပါတယ်။ အမှန်မှာတော့ လေဆိပ် Duty-free Shop ရှိ Chocolate တွေက သာမန် Supermaket မှာရှိတဲ့ Chocolate တွေထက် ဈေးနှစ်ဆပိုများနေတတ်လို့ လေဆိပ်မှာလည်း ချောကလက်ကို မဝယ်ယူသင့်ပါဘူး။

Chocolate

Chocolate

ရေမွှေး

ရေမွှေးကြိုက်နှစ်သက်သူတွေက ဘယ်နေရာရောက်ရောက် ရေမွှေးတွေ့ပြီဆိုတာနဲ့ အပြေးအလွှား ဝယ်ယူတတ်ကြပါတယ်။ ဒါပေမယ့် လေဆိပ်လိုနေရာမျိုးမှာရှိတဲ့ Duty-free Shop တွေမှာ ရေမွှေးတွေ့ရင်တော့ မဝယ်ယူမိဖို့ စိတ်ထိန်းသင့်ပါတယ်။ Duty-Free Buzz Blog အရ လေဆိပ် Duty-Free Shop မှာရှိတဲ့ အများစုသောရေမွှေးတွေက အဆင့်အတန်းပြည့်မီပြီး အရည်အသွေးကောင်းတဲ့ ရေမွှေးမျိုးတွေမဟုတ်ဘဲ အတုအစစ်ခွဲခြားဖို့ခက်တဲ့ ရေမွှေးတွေ များတယ်လို့ ဆိုထားပါတယ်။ အကယ်၍ ရေမွှေးကောင်းကောင်းရှာနေတယ်ဆိုရင် လေဆိပ် Duty-free Shop မှာထက် ယုံကြည်စိတ်ချရတဲ့ Department Store တွေနဲ့ ရေမွှေး Supplier တွေဆီကနေ တိုက်ရိုက်ဝယ်ယူတာက ငွေကုန်ရကျိုးလည်းနပ်ပြီး ပစ္စည်းအစစ်အမှန်ကိုလည်း ရရှိနိုင်ပါတယ်။

Perfume

Perfume

ဒါလေးတွေသိထားတော့ လေဆိပ်ဆင်းတဲ့အခါမှာ မကုန်သင့်တာမကုန်ရဘဲ ခရီးစဉ်အတွက်ပိုက်ဆံအပြည့်အဝသုံးနိုင်တာပေါ့။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ထင်မြင်ယူဆချက်တွေကိုလည်း မျှဝေပေးသွားပါဦး။

H.H(အခရာ)

www.akhayar.com