Marvel Studio က ရုပ်ရှင်ကားကြီးတွေအများကြီးရိုက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အကြီးအကျယ်သိမ်းပိုက်ထားတာပါ။ Avengers: Endgame ပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေရဲ့သွေးဆူနေတာတွေ နည်းနည်းလျော့သွားပေမယ့် Marvel က သွေးအေးသွားအောင်တော့ ပစ်မထားပါဘူး။ (Spider-Man ကြည့်ပြီးသွေးဆူနေဆဲဖြစ်နေတဲ့သူတွေလည်းရှိမှာပါ) ဘာလို့လဲဆိုတော့ အားလုံးချစ်ရတဲ့ Asgard ရဲ့ သားတော် Thor အတွက် Thor 4 ဇာတ်ကားကို ထပ်ပြီးတော့ရိုက်တော့မှာမို့လို့ ဖြစ်ပါတယ်။

Thor 4 ကို Thor: Ragnarok ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi ကပဲ ပြန်ပြီးရိုက်မှာဖြစ်ပါတယ်။ Endgame မှာ Thor နဲ့ Guardians of the Galaxy တို့ Gamora ကို ရှာဖို့ စစ်ဆင်ရေးလုပ်တာလည်း ပါတာကြောင့် Thor ရဲ့ ဇာတ်ကောင်က Guardians of the Galaxy Vol.3 မှာလည်း ပြန်ပါလာမှာသေချာပါတယ်။ ဒါပေမယ့် အခုဆိုရင် Thor က ဒီဇာတ်ကားနှစ်ကားလုံးမှာ ပါဝင်လာမှာမို့လို့ ဘယ်တစ်ကားက အရင်ထွက်မယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

Waititi က Thor 4 အတွက် ဇာတ်ညွှန်းလည်းရေးပြီး ဇာတ်ကားလည်းရိုက်မှာမို့လို့ Warner Bros အတွက် ရိုက်ပေးနေတဲ့ Akira Anime Live Action ကိုတောင် ရပ်ထားရပါတယ်။ Thor 4 အတွက် Waititi ကိုပဲပြန်ခေါ်ရိုက်တာကလည်း အဓိပ္ပါယ်တော့ရှိပါတယ်။ Thor: Ragnarok မှာ ပိုက်ဆံအများကြီးရှာပေးထားတာကိုး။ ပြီးတော့ Thor: Ragnarok က ဆံပင်ဗိုလ်ကေနဲ့ Thor ကိုလည်း ပရိသတ်တွေ တစ်မျိုးတစ်ဖုံ အကြိုက်တွေ့နေတော့ Waititi က Thor 4 မှာလည်း သရုပ်ဆောင် Chris Hemsworth ကို ဘယ်လိုပုံသွင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သေချာတာတစ်ခုကတော့ Thor 4 ကို ၂ဝ၂၁ ခုနှစ် မဟုတ်ရင် ၂ဝ၂၂ ခုနှစ်လောက်မှာ အနောက်ကျဆုံး ကြည့်ရမှာ။ ၂ဝ၂ဝ ဆိုတာကလည်း ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားမှာဆိုတော့ Thor 4 ကို ကြည့်ရဖို့ ဘယ်လောက်မှ မလိုတော့ပါဘူး။

ကျန်တဲ့သူတွေဘယ်လိုထင်လဲတော့မသိပေမယ့် ကိုယ်ကတော့ Thor 4 ထွက်လာတဲ့အချိန်ကျရင် Endgame ထဲကလို ဗိုက်ပူနံကားအရက်သမားမုတ်ဆိတ်ဖွားဖွားနဲ့ Thor ကြီး မဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်နေပါတယ်။

Source: Screen Rant

Piki (Akhayar)

www.akhayar.com