မိဘတွေ အထူးသဖြင့် မာမီ မားသားတွေက ကိုယ့်ကလေးလေးကိုချစ်တဲ့စိတ် သားချော သမီးချောလေးကို ကြွားချင်စိတ်နဲ့ ကလေးတို့ရဲ့ လှုပ်ရှားမှုဟန်ပန် အမျိုးမျိုးကို Facebook လိုမျိုး လူမှုကွန်ရက်တွေပေါ် တင်တတ်ကြပါတယ်။ ကလေးငယ်ကတော့ သူ့ပုံတင်တာကြိုက်မကြိုက်ပြောဆိုနိုင်စွမ်းမရှိသေးပေမယ့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့အခွင့်အရေးအပေါ်လေးစားမှု ၊ သူ့ရဲ့လုံခြုံရေးအတွက်အလေးထားမှု ရှိရပါမယ်။ ကိုယ့်ရင်နှစ်သည်းခြာလေးရဲ့ပုံတွေကို လူမှုကွန်ရက်မှာတင်တာကို မတင်ပါနဲ့လို့ တားဆီးပိုင်ခွင့်မရှိပေမယ့် ဘယ်လိုအနေအထားတွေဆိုရင်တော့ မတင်သင့်ဘူးလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

ရေချိုးနေချိန်

ကလေးငယ်လေး ဘယ်အရွယ်ပဲဖြစ်ဖြစ် ရေချိုးနေချိန် ၊ အဝတ်လဲနေချိန် ၊ ကိုယ်လုံးတီးပုံတွေကို လူမှုကွန်ရက်ပေါ်လုံးဝမတင်သင့်ပါဘူး။ သူတို့လေးတွေဟာ လိင်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း အများကြီးရှိခဲ့ပါတယ်။

ဝတ်လစ်စားလစ်ပုံတွေ

ကလေးလေး အီအီးပါနေချိန်မျိုး သူ့ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို မြင်နေရတဲ့  ဝတ်လစ်စားလစ် အနေအထားမျိုးတွေမှာ လုံးဝမတင်သင့်ပါဘူး။ ဒါဟာ အန္တရာယ်ကိုဖိတ်ခေါ်နေသလိုပါပဲ။

ကျောင်းဝတ်စုံနဲ့ပုံတွေ

ရင်ဘတ်မှာ ၊ လက်မောင်းမှာ ကျောင်းတံဆိပ်အပြည့်အစုံနဲ့ ၊ ဘယ်အခန်း ဘယ်ကျောင်းဆိုတာ သိနိုင်တဲ့ ပုံမျိုးတွေမတင်ပါနဲ့။ မသမာသူတွေကို လိပ်စာအပြည့်အစုံပေးလိုက်သလိုပါပဲ။ ကိုယ့်ကလေးကို အလွယ်တကူ ခြေရာခံပြီးအန္တရာယ်ပြုနိုင်ပါတယ်။

ကိုယ်ရေးအချက်အလက်ပုံတွေ

ပတ်စ်ပို့ ၊ ကျောင်းသားကတ်လိုမျိုး ကလေးရဲ့ကိုယ်ရေးအချက်အလက်ပုံကို လုံးဝမတင်ပါနဲ့။ ဘယ်သူ့ကိုမှ အလွယ်တကူပြသတာမျိုး မလုပ်ပါနဲ့။

အုပ်စုလိုက်ပုံ

ကိုယ့်ကလေးနဲ့သူ့သူငယ်ချင်းတွေရဲ့ Group Photo ကကြည်နူးစရာလေးမို့ လူမှုကွန်ရက်မှာတင်ချင်တယ်ဆိုတိုင်း တင်ဖို့မသင့်ပါဘူး။ ကိုယ့်ကလေးသာမက တခြားကလေးတွေအတွက်လည်း အန္တရာယ်များပါတယ်။ တခြားကလေးတွေရဲ့ အုပ်ထိန်းသူတွေထံကလည်း ခွင့်ပြုချက်ယူသင့်ပါတယ်။

နေမကောင်းတဲ့ပုံ

ကိုယ့်ကလေးငယ် ကျန်းမာရေးမကောင်းတာ ၊ ဆေးကုသမှုခံယူနေတာ စတဲ့ပုံတွေကို မတင်ပါနဲ့။ မသမာသူတွေဟာ ဒီလိုဝေဒနာခံစားနေရတဲ့ ကလေးပုံတွေကို Save ပြီး အလှူငွေတောင်းတာတွေ ၊ လိမ်စားတာမျိုးတွေ လုပ်နေကြလို့ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပုံ

ကိုယ့်ကလေးလေး ဘီယာပုလင်းကိုင်ထားတဲ့ပုံ၊ ကိုယ့်ကလေးတွေကို တူနဲ့ထုဖို့ရွယ်နေတဲ့ပုံစတဲ့ အပြောင်အပြက်ပုံလေးတွေက အများအမြင်မှာချစ်စရာပါ။ ဒါပေမဲ့ လူမှုကွန်ရက်မှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ နားလည်မှုလွဲစေတဲ့ အနေအထားတွေဖြစ်လာနိုင်ပါတယ်။ ဒါကို အပြောင်အပြက်လို့မမြင်ဘဲ ကလေးငယ်ကိုညှင်းပန်းနှိပ်စက်တယ်ဆိုတဲ့အနေအထားတွေ မြင်လာခဲ့ရင် မလိုလားအပ်တဲ့ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ဂျူဂျူး(အခရာ)

Photo Credit#WW

www.akhayar.com