လူတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါ လက်ဆွဲနှုတ်ဆက်တာ ၊ ပခုံးလှမ်းဖက်လိုက်တာ ၊ စိတ်ဓာတ်ကျချိန်မျိုးမှာ ပွေ့ဖက်တာ စတဲ့ကိုယ်ကာယချင်းထိတွေ့ မှုကို ပေါ့သေးသေးသဘောမထားသင့်ပါဘူး။ ချစ်သူရည်းစားတွေလို ယစ်မူးဖွယ်အတွေ့အထိဆိုတာတွေကို ဘေးဖယ်ထားပြီး သာမန်လူတစ်ဦးနဲ့တစ်ဦးဒီလိုအသားချင်းထိတွေ့မှုကနေ ဘယ်လိုစွမ်းအားတွေရနိုင်သလဲ  ဘာကြောင့်လူတွေဟာ ကိုယ်ကာယချင်းထိတွေ့ဖို့လိုအပ်တာလဲဆိုတော့…

ကိုယ့်စကားခရီးပေါက်စေတယ်

လုပ်ငန်းခွင်မှာ ကိုယ့်ဝန်ထမ်းကိုအရေးတကြီးစကားပြောတော့မယ့်အချိန် ၊ အရေးတကြီး အလုပ်ကိစ္စခိုင်းတော့မယ့်အချိန်မျိုးမှာ သူ့ပခုံးကိုဖက်ပြီးပြောတာမျိုး ပခုံးပေါ်လက်တစ်ဖက်တင်လိုက်ပြီး ပြောတာမျိုးက သူနဲ့ကိုယ်ကြားပိုပြီးရင်းနှီးနွေးထွေးသလို ကိုယ်ခိုင်းတာကို စိတ်လိုလက်ရ လုပ်ပေးစေမှာဖြစ်ပါတယ်။ အဆင်မပြေမှုတွေကြုံနေရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို ပခုံးလေးပုတ်ပြီးအားပေးလိုက်တာမျိုးကလည်း သူ့အတွက်စိတ်သက်သာရာရစေနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်မှုကိုလျော့ပါးစေတယ်

နှိပ်နယ်ခြင်းဖြင့် စိတ်ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ခြင်းဟာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့ပါတယ်။ ဒီလို လူ့အသား ၊ လူ့ရဲ့စိတ်စေတနာနဲ့ ထိတွေ့နှိပ်နယ်ပေးခြင်းကို ဘယ်လိုစက်ပစ္စည်း ၊ ဘယ်လို စက်ရုပ်နဲ့မှ အစားထိုးလို့ရနိုင်မှာမဟုတ်ပါဘူး။ လူကြီးသူမတွေကို ခြေဆုပ်လက်နယ် ပြုပေးခြင်းကလည်း  လုပ်အားအရကျေးဇူးပြုရာရောက်ပါတယ်။

စိတ်ခွန်အားတက်စေတယ်

တစ်ဖက်လူ စိတ်ဓာတ်ကျနေချိန်မျိုးမှာ ကိုယ်ကနွေးနွေးထွေးထွေး ပွေ့ဖက်နှစ်သိမ့်ပေးသင့်ပါတယ်။ ပွေ့ဖက်လိုက်ခြင်းအားဖြင့် သူ့ကိုစိတ်ခွန်အားတိုးစေပါတယ်။ အကောင်းမြင်စိတ်ရှိလာစေပါတယ်။ စိတ်နာကျင်မှုတွေကို လျော့ပါးလာနိုင်စွမ်းရှိစေနိုင်ပါတယ်။

ရာဇဝတ်မှုတွေလျော့လာတယ်

ဖက်ပွေ့မှုနဲ့ ထိတွေ့မှုနည်းတဲ့ကလေးတွေဟာ အရွယ်ရောက်လာချိန်မှာ လူဆိုးလေးတွေဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်တဲ့။ ဒါကိုတော့ အမေရိကန်စိတ်ပညာရှင် James W.Prescott ကပြောခဲ့တာပါ။ အမေနဲ့ကလေးကြားစိတ်နဲ့ ကိုယ်ကာယပိုင်းထိတွေ့ချိတ်ဆက်မှုပေါ်လိုက်ပြီး ကလေးတစ်ယောက်ရဲ့ အမူအကျင့်နဲ့စိတ်ခံစားချက်တွေဟာ ကြီးသည်အထိပါသွားတာဖြစ်ပါတယ်။

နိုင်ပွဲတွေရစေတယ်

အားကစားသမားတွေဟာ လက်ချင်းထပ် ၊ ပခုံးချင်းဖက်ပြီး နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်တွေသွင်းကြတာကိုတွေ့ဖူးမှာပါ။ ဒါဟာ ခပ်လှမ်းလှမ်းမှာနေပြီး နိုင်အောင်ဆော့မယ်ကွာဆိုတာထက် အဆပေါင်းများစွာ စိတ်ခွန်းအားတွေပြည့်စေပါတယ်။ ဒီလိုနေရာမှာလည်း လူတွေတစ်ယောက်နဲ့တစ်ယောက်ထိတွေ့မှုက အရေးပါလာပါတယ်။

အချစ်တွေခိုင်မြဲစေတယ် ဝေဒနာသက်သာစေတယ်

ရောဂါဝေဒနာခံစားနေရသူကို လက်နဲ့နွေးနွေးထွေးထွေးထိတွေ့ပေးခြင်း ၊ ဖက်ပွေ့အားပေးခြင်း ၊ နှိပ်နယ်ပေးခြင်းတွေက ဝေဒနာတွေကိုတစ်ဝက်သက်သာစေပါတယ်။ ဒီလိုထိတွေ့ပေးခြင်းကြောင့် ကိုယ်ခံစွမ်းအားလည်းတက်လာတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ချစ်သူချင်း လင်မယားချင်းရန်ဖြစ်နေချိန် မခေါ်မပြောဖြစ်နေချိန်မျိုးတွေမှာ တစ်ယောက်ယောက်ကစပြီး လက်ကိုထိကိုင်တာပဲဖြစ်ဖြစ် ပွေ့ဖက်တာပဲဖြစ်ဖြစ်လုပ်ပေးရင် စိတ်တွေပြေလျော့ပြီး ချစ်ခြင်းတွေခိုင်မြဲစေတယ်လို့ ဆိုပါတယ်။

ကဲ…ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးပွေ့ဖက်ဖို့ မတွန့်ဆုတ်ကြပါနဲ့လို့။

ဂျူဂျူး(အခရာ)

www.akhayar.com