တစ်ခါတလေမှာ ကိုယ့်အလုပ်ကိုယ် စိတ်မပါဘူးဆိုပြီး ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာ ပြန်ဆန်းစစ်ရမယ့် အချက်တွေ ရှိနေပါပြီ။ ဒီလိုပဲ အလုပ်လုပ်ရတာများလို့ ငြီးငွေ့တာလား။ ဒါမျိုးဆိုရင် ခဏနားလိုက်၊ ခရီးလေးဘာလေးထွက်လိုက်ဆို အဆင်ပြေသွားတတ်ပါတယ်။ အဲဒီအဆင့်မဟုတ်ဘဲ အလုပ်ပြောင်းဖို့ လိုနေပြီလား ဒါမှမဟုတ် ဒီအလုပ်က ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နေပြီလားဆိုတာ ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

ညဘက်တွေ အိပ်မပျော်ဘူး

အလုပ်ထဲ စိတ်မပါတော့ဘူးဆိုရင် ပထမဆုံး ကြုံရမယ့်အရာက အိပ်မပျော်တဲ့ ညတွေ ဖြစ်ပါတယ်။ အိပ်ပျော်ရခက်နေတယ်။ အိပ်နေတုန်း ရုတ်တရက်နိုးလာရင်တောင် လုပ်ရမယ့် အလုပ်တွေ အကြောင်းတွေးပြီး ပြန်အိပ်မပျော်ဘူး ဖြစ်လာတယ်။ ဒါဆိုရင်တော့ အလုပ်ရဲ့ ဖိအားက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အထိ ဖြစ်နေတယ်ဆိုတာ သတိပြုရပါမယ်။ တစ်ရက်၊နှစ်ရက် အိပ်ရေးပျက်တာက ဘာမှ မဖြစ်ပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ ပြန်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

ခေါင်းအမြဲကိုက်နေတာ

ကိုယ်က အလုပ်သွားရမှာကို အန္တရာယ်ဇုံထဲ ဝင်ရမှာလောက် ကြောက်နေတယ်ဆိုရင် ဒီသက်ရောက်မှုဟာ ကြွက်သားတွေကိုပါ တင်းကျပ်တဲ့အထိ ဖြစ်လာစေပါတယ်။ လည်ပင်းကြောမှာ ဖိအားတွေ ဖြစ်လာမယ်၊ ပုခုံးမှာ ဖိအားတွေ ဖြစ်လာသလို ခံစားရမယ်၊ ဇက်ကြောတက်လာသလို ခံစားရမယ်၊ နောက်ဆုံး ခေါင်းတွေပါ ထိုးကိုက်လာတတ်ပါတယ်။

ကြွက်သားတွေ နာနေတတ်တာ

ကိုယ့်အလုပ်က အဆိပ်လို ဖြစ်လာတဲ့အခါ အလုပ်စားပွဲမှာ ထိုင်နေရင်းနဲ့ပဲ စစ်တိုက်ရသလို နာကျင်ခံစားရလာစေပါတယ်။ ဇက်ကြောတွေ တင်း၊ မျက်နှာကြီးကလည်း အမြဲတမ်းမပြုံးမရယ် ဖြစ်လာပြီး ကြာလာရင် ကြွက်သားနာကျင်မှုပါ ခံစားလာရတတ်ပါတယ်။

စိတ်ကျန်းမာရေးအခြေအနေဆိုးဝါးလာတာ

ကိုယ့်အလုပ်ရှင်က ကိုယ့်ကို အမြဲခိုင်းနေတာ၊ ကိုယ့်ဆီက အလုပ်မှန်သမျှ ဖျစ်ညှစ်ထုတ်နေတာမျိုးဆိုရင် ဘယ်လိုပဲ ကြိုးစားလုပ်နေတယ်ဆိုဆို စိတ်ကျန်းမာရေးကို ထိခိုက်လာတော့တာပါပဲ။ အဲဒီလို ဖြစ်လာပြီဆိုရင် Depression ကြောင့် အစားတွေ စွတ်စားလာတတ်သလို အိပ်ရေးပျက်တာနဲ့ အရမ်းအိပ်လွန်းတာစတဲ့ လက္ခဏာတွေ ဖြစ်လာတော့တာပါပဲ။ ဒါတွေဟာ ရေရှည်ဆိုရင် အဆင်မပြေဘဲ စိတ်ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်လာမှာ ဖြစ်ပါတယ်။

မကြာခဏဖျားတာ

အလုပ်လုပ်နေရင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်နေရင်းကပဲ မကြာခဏအအေးမိဖျားနေတယ်ဆိုရင် သတိထားပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေက ကိုယ်ခံအားစနစ်ထိ သက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောဖြစ်ပြီး ဖျားတဲ့အဆင့်ထိ ရောက်လာတဲ့ သဘောဖြစ်ပါတယ်။

လိင်ကိစ္စကို စိတ်ဝင်စားမှုနည်းလာတာ

ကိုယ့်ရဲ့အားလပ်ချိန်တွေကို ဘယ်လို အချိန်ဖြုန်းသလဲဆိုတာဟာ ကိုယ်ဘာကို တန်ဖိုးထားသလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ရုံးက အလုပ်တွေကို အိမ်အထိ သယ်နေရပြီဆိုရင်၊ အိမ်ထောင်မှုဘဝကိုလည်း ထိခိုက်လာတော့တာပါပဲ။ အမေရိကန်စိတ်ပညာအသင်းကြီးရဲ့ တွေ့ရှိချက်အရ အမျိုးသမီးတွေဟာ အလုပ်ရော၊ ငွေရေးကြေးရေး အတွက်ရော ရုန်းကန်နေရပြီဆိုရင် လိင်စိတ်ဆန္ဒလျော့ကျမှုရှိလာတာကို တွေ့ရပါတယ်။ အမျိုးသားတွေအတွက်တော့ စိတ်ဖိစီးမှုဟာ Testosterone ဟော်မုန်းထုတ်လှုပ်မှုကို လျော့ကျစေပြီး လိင်စိတ်ဆန္ဒလျော့ကျမှုကို ဦးတည်စေပါတယ်။

တစ်ချိန်လုံးပင်ပန်းနေတာ

ကျွန်တော်တို့ ဒါမျိုး အဖြစ်ကို ဖြစ်ဖူးကြပါတယ်။ ပင်ပင်ပန်းပန်းဘာမှလည်း မလုပ်ရဘဲ တစ်ချိန်လုံးပင်ပန်းသလို ခံစားနေရတာလေ။ နေ့လည် တရေးတမောအိပ်လည်း အပန်းမပြေ၊ Weekend မှာ တစ်ပတ်လုံးနားလည်း မပြေပျောက်ပါဘူး။ အဲ့ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ အလုပ်က တစ်ချိန်လုံး စိတ်ရောကိုယ်ပါ ဖိစီးနေလို့ ဖြစ်တာပဲ ဖြစ်ပါတယ်။

အစာအိမ်နာလာတာ

အစာမကြေတာ၊ ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အရာတွေဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပျက်စိတ်အားငယ်နေတဲ့အချိန်မှာ အစာအိမ်ဟာ ရုတ်တရက်စူးခနဲအောင့်တာမျိုးကို ခံစားရတာမျိုးဟာ ဒါကြောင့် ဖြစ်ပါတယ်။ ဥပမာတစ်ခုအရဆိုရင် အလုပ်လုပ်နေတဲ့ လူတစ်ယောက်ဟာ တနင်္ဂနွေနေ့ နေ့လည်တိုင်း အစာအိမ်က နာနာလာတတ်တာကို သတိထားမိတာ ကြာပါပြီ။ ဒါကို အရင်က ရောဂါကြောင့်လို့ ထင်ပေမယ့် တကယ်တမ်းမှာတော့ တင်္နလာနေ့မနက်မှာ ဘာတွေ လုပ်ရမလဲလို့ စဉ်းစားလိုက်တိုင်း နာလာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲဒီအလုပ်ကနေ ထွက်ပြီး တခြားတစ်ခုကို ပြောင်းသွားတဲ့အချိန်မှာတော့ အစာအိမ်နာတာ သက်သာသွားခဲ့ပါတယ်။

အစားအသောက်ပုံစံပြောင်းလာတာ

အချိန်အကြာကြီး ဖိအားဒဏ်ခံရတဲ့အခါ ခန္ဓာကိုယ်ကနေ Adrenal Glands ထွက်ပြီး အဲ့ဒီအရာက အစာစားချင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဆန့်ကျင်ဘက် နောက်တစ်မျိုးလည်း ရှိနေပါတယ်။ ဒါကတော့ စားချင်သောက်ချင်စိတ်ပျက်သွားတာ ဖြစ်ပါတယ်။

ဒါမျိုးတွေ ဖြစ်လာပြီဆိုရင်

အလုပ်ထွက်ဖို့ မပြောသေးပါဘူးနော်။ အရင်အနားယူကြည့်ပါ။ အလုပ်ကြောင့် ၊ စိတ်ဖိစီးမှုကြောင့် တင်းနေတဲ့ အကြောအခြင်တွေ၊ အာရုံကြောစနစ်တွေကို အနားပေးဖို့ အလုပ်ကနေ ခဏအနားယူလိုက်ပါ။ အဲဒီအချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာစတာမျိုးတွေ လုပ်ကြည့်ပြီး စိတ်ဖြေလျှော့သင့်ပါတယ်။

မကောင်းမြင်စိတ်တွေကို မောင်းထုတ်ပါ။ ကိုယ်ခံစားနေရတာကို မပြောင်းလဲနိုင်ဘူးဆိုရင် အလုပ်အပေါ်ထားတဲ့ ကိုယ့်အမြင်ကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကို Boss က ဘယ်လိုမြင်နေတာ၊ လုပ်ဖော်ကိုင်ဘက်တွေက ဘယ်လို ဖြစ်နေတယ်ဆိုတာထက် ကိုယ့်ရဲ့ သူတို့ကို မြင်တဲ့ အမြင်အပေါ်ပဲ အတတ်နိုင်ဆုံး အကောင်းဘက်ရောက်အောင် ပြောင်းပစ်ရမှာ ဖြစ်ပါတယ်။

ဒီလိုမှ မရဘူးဆိုရင်တော့ ထွက်ဖို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။ အချိန်မရွေးအခါမရွေးအလုပ်လုပ်ရတာတွေ၊ အချိန်အကြာကြီး အလုပ်လုပ်ရတာတွေ၊ လုပ်ပိုင်ခွင့်မရှိတာတွေနဲ့ ငွေရေးကြေးရေးအရ လခနည်းတာတွေကြောင့် လုပ်ငန်းခွင်မနေပျော်ဘူးဆိုရင်တော့ ထားခဲ့၊ ထွက်ခဲ့သင့်ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးထိ ထိခိုက်နေပြီဆိုရင်တော့ ဝေဒနာတွေကိုပဲ လိုက်ကုမနေဘဲ ပြဿနာအရင်းအမြစ်ကိုပဲ ဖြေရှင်းသင့်ပါပြီ။ အားလုံးပဲ အလုပ်ကြောင့် ကျန်းမာရေးထိခိုက်တဲ့ အဖြစ်မျိုးကနေ ကင်းဝေးကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com
Source : Huffpost.com