ကဲ Akhayar ပရိတ်သတ်ကြီးရေ၊ သတင်းတွေနဲ့အတူ စောင့်မျှော်နေခဲ့ရတဲ့ Samsung Galaxy S8 ကတော့ ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဖုန်းကတော့ မထွက်ခင်ကတည်းက ကောလဟလတွေ၊ ပုံတွေ၊ သတင်းတွေ ထွက်ထားခဲ့တဲ့အတိုင်း လွဲချော်ခြင်းမရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူထွက်လာခဲ့တာပါ။ သတင်းတွေအတိုင်းထပ်တူကျခဲ့သလို အားပေးသံတွေကလည်း မလျော့ခဲ့ပါဘူး။

ဈေးနှုန်း ဒေါ်လာ ၇၂၀ကနေ စတင်ရောင်းချမယ့် Samsung Galaxy S8 ဟာ ကိုင်ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ The Verge က ဆိုပါတယ်။ ဖုန်းသစ်မှာ Glass, Metal တို့ကို အလွန်ကြီးမားတဲ့မျက်နှာပြင်တစ်ခုနဲ့အတူ ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ မျက်နှာပြင်ကြီးပေမယ့် ကိုယ်ထည်ကတော့ သင်ထင်ထားတာထက် သေးငယ်သွားမှာပါ။

S8 ဖုန်းကို မျက်နှာပြင်အကျယ် ၅.၈လက်မအရွယ် Galaxy S8 နဲ့ ၆.၂လက်မအရွယ် Galaxy S8 Plus ဆိုပြီး နှစ်မျိုးထုတ်လုပ်သွားမှာပါ။ နှစ်မျိုးလုံးကို လာမယ့် မတ်လ ၃၀ရက် (ဒီနေ့) ကစလို့ Pre Order မှာယူနိုင်ပြီဖြစ်ပြီး ဧပြီလ ၂၁ရက်နေ့ကျရင် အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ် Premium ဆန်တဲ့ဈေးနှုန်းတစ်ရပ်ဖြစ်ပြီး ဒေါ်လာ ၇၂၀နဲ့ စတင်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ကဲ Galaxy ကိုစကြည့်ကြည့်လိုက်ရအောင်…

 

Hardware ပိုင်း

Hardware ပိုင်းကတော့ ပုံတွေပေါက်ကြားခဲ့ဖူးတဲ့အတိုင်း အပြောင်းအလဲ မရှိပါဘူး။ အရှေ့ဘက်မှာ Home Button ကို လုံးဝဖြုတ်ချခဲ့တဲ့ မျက်နှာပြင်ကျယ် ဒီဇိုင်းသစ်၊ ဘေးအနားသပ်တွေကို ဝိုင်းထားတဲ့ Curve မျက်နှာပြင်တွေ ပါဝင်ပါတယ်။ Samsung ကတော့ ဒီမျက်နှာပြင်ကို “infinity display” လို့ခေါ်ပါတယ်။ ဒါက ဘေးဘောင်တွေ လုံးဝမပါတော့တဲ့ ပုံစံသစ်တစ်မျိုးပါပဲ။

အဲ့ဒီအပြင် S8 နဲ့ S8 Plus ဟာ မျက်နှာပြင်အကြီးနဲ့ သေးငယ်တဲ့ဘော်ဒီပုံစံဖြစ်စေ့မယ်လို့ ပေးခဲ့တဲ့ Samsung ရဲ့ ကတိအတိုင်းပါပဲ။ တခြားမျက်နှာပြင်ကြီးတဲ့ စမတ်ဖုန်းတွေထက် ကိုင်ရတာပိုမို သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင်၊ Galaxy S7 မှာလို ဘေးဘောင်တွေကိုကွေးထားလို့ မတော်တဆထိမိမှုတွေလည်း မရှိခဲ့ကြောင်း တစ်နာရီကြာ သုံးစွဲခဲ့သူတစ်ယောက်က ဆိုပါတယ်။

Home Button ကိုဖြုပြီး တခြား Android ဖုန်းတွေလို Virtual Button ကိုထည့်သွင်းခဲ့ပေမယ့် iPhone တွေလိုမျိုး ဖိတာကိုသိစေတဲ့ Virtual Feeling ကိုလည်း ခံစားရစေမှာပါ။

ဒီလို Virtual Home Button ကို အသုံးပြုတာဟာ Fingerprint ဆင်ဆာကို အနောက်ကို ရွှေ့လိုက်တယ်ဆိုတာ သိသာစေပါတယ်။ ဒီလိုရွှေ့လိုက်ရတဲ့အတွက် ဖုန်းအမြင့်က လက်ကို Fingerprint ထံရွှေ့ရာမှာ နည်းနည်းထောက်တဲ့ ပြဿနာတစ်ခုတော့ ပေါ်လာပါတယ်။ သုံးသပ်သူတွေကတော့ ကင်မရာမော်ဂျူးရဲ့ဘေးမှာ Fingerprint ကိုမထားသင့်ဘူးလို့ ဆိုကြပါတယ်။

အောက်ဖက်မှာဆိုရင် USB-C Port နဲ့ 3.5mm Headphone Jack (သာဓု၊ သာဓု) တွေပါဝင်ပါတယ်။ သင့်အနေနဲ့ ဘေးဘက်မှာ ပါဝါနဲ့ Volume Button တွေကို တွေ့ရမှာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ Samsung ရဲ့ အဓိက Software အပြောင်းအလဲဖြစ်တဲ့ “Bixby” လို့ခေါ်တဲ့ Digital Assistant အတွက် ခလုပ်တွေပါဝင်ပါတယ်။

 

Galaxy S8 ရဲ့ Specs များ

Galaxy S8 မှာ Region ပေါ်မူတည်ပြီး Processor တွေက Snapdragon 835 နဲ့ Exynos ဆိုပြီး နှစ်မျိုးကွာခြားသွားမှာပါ။ အဲ့ဒီအပြင် Samsung က Processor နှစ်မျိုးလုံးကို 10 Nanometer သာရှိတဲ့ Chip တွေဖြစ်အောင် ဖန်တီထားတယ်လို့ ဆိုခဲ့ပါတယ်။

၅.၈လက်မအရွယ် Standard S8 မှာ 570ppi ရှိတဲ့ 2960 x 1440 Resolution ပါဝင်မှာဖြစ်ပြီး ၆.၂လက်မအရွယ် S8 Plus မှာတော့ 529ppi ရှိကြောင်း သိရပါတယ်။

နှစ်မျိုးလုံးကို 4GB RAM နဲ့ 64GB Onboard Storage ဆိုပြီး တစ်မျိုးထဲနဲ့သာ ထုတ်လုပ်သွားမှာပါ။ ဒါပေမယ့် SD ကတ်စိုက်ပြီး Storage ကိုထပ်မံချဲ့ထွင်နိုင်ပါတယ်။

 

Galaxy S8 ရဲ့ ဘက်ထရီ

Samsung Galaxy S8 ဖုန်းသစ်တွေထဲက သာမန် S8 မှာ 3000mAh ဘက်ထရီနဲ့ S8 Plus မှာ ပိုမိုကြီးမားတဲ့ 3500mAh ဘက်ထရီတွေ ပါဝင်ပါတယ်။ Note 7 နဲ့ ပမာဏခြင်း အတူတူပါပဲ။ ဒါပေမယ့် Note 7 လိုမဖြစ်အောင် အဆင့်များစွာ စမ်းသပ်ထုတ်လုပ်ခဲ့ကြောင်း Samsung က ဆိုပါတယ်။

Qualcomm Quick Charge ကို အမျိုးအစားနှစ်မျိုးလုံးမှာ ထည့်သွင်းထားပြီး ဘက်ထရီသက်တမ်းဘယ်လောက်ကြာရှည်ခံမယ်ဆိုတာကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။

 

Galaxy S8 ရဲ့ ကင်မရာများ

ကင်မရာအနေအထားကတော့ Galaxy S8 ဟာ S7 တုန်းကလို 12-MP ဆင်ဆာနဲ့ OIS ကိုပဲအသုံးပြုထားပါတယ်။ ဒါပေမယ့် S7 ထက်ပိုကောင်းတယ်လို့ မှတ်ချက်ပြုကြပါတယ်။

S8 Plus လို့ နာမည်ခံ ထုတ်လုပ်ခဲ့တဲ့အထဲမှာ Dual ကင်မရာတွေတပ်ဆင်ထားရင် ပိုကောင်းပေမယ့် မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီဆိုက်ကွာသွားတာကလွဲလို့ အတူတူလောက်ပါပဲ။

ရှေ့မျက်နှာ ကင်မရာကတော့ Upgrade လုပ်ထားတာတွေ့ရပါတယ်။ 8-MP ရှိတဲ့ဆင်ဆာကို အသုံးပြုထားပြီး Autofocus ပါဝင်လာပါတယ်။ Samsung ကတော့ ရှေ့မျက်နှာကင်မရာအတွက် အလေးပေးပြုလုပ်ထားတယ်လို့ ပြောခဲ့ပါသေးတယ်။ GIF mode တွေပါဝင်လာတာကိုလည်းတွေ့ရပြီး Apple ရဲ့ Live Photos နဲ့ Motion Still App တွေမှာ ပြုလုပ်နိုင်သလိုပါပဲ။

 

Galaxy S8 ရဲ့ Software ပိုင်း

Android ဘယ်ဗားရှင်းကို On Board အနေနဲ့ အသုံးပြုထားလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးထွက် Android 7.0 ကိုပဲ အသုံးပြုသွားဖို့သေချာနေပါတယ်။

လုံခြုံရေးပိုင်းတွေကို ပြောင်းလဲခဲ့တဲ့ Galaxy S8 မှာ ယခုအခါ ဝင်ရောက်နိုင်တဲ့ လုံခြုံရေးပုံစ ၅ခုအထိရှိလာပါတယ်။ Note 7 တုန်းကလို မျက်ကြည်လွှာဖတ်တဲ့ လုံခြုံရေးစနစ်ကို ပြန်လည်ထည့်သွင်းခဲ့တဲ့အပြင် Face Detect System လို့ခေါ်တဲ့ ပိုင်ရှင်မျက်နှာကို မှတ်ထားနိုင်တဲ့ စနစ်ဟာလည်း ချီးကျူးဖွယ်ပါပဲ။

 

“Bixby”, Samsung ရဲ့ Personal Assistant

Samsung ဟာ ဒီပွဲမှာ အဓိက Highlight လုပ်သွားတဲ့အထဲမှာ ‘Bixby’ လည်းအပါအဝင်ပါပဲ။ Galaxy S8 ဖုန်းမှာ Bixby ကိုခေါ်နိုင်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ခလုတ်နှိပ်တာအပါအဝင် သုံးမျိုးအထိရှိပါတယ်။

  1. Home ကို ခဏဖိထားပြီး ခေါ်တာ (သင့်အနေနဲ့ Home Screen ကနေ Swipe လုပ်ပြီးလည်းခေါ်နိုင်ပါတယ်)
  2. အသံနဲ့ Bixby’s Vocie ကို အသုံးပြုဖို့ Bixby ခလုတ်ကို ဖိထားတာနဲ့
  3. Bixby ရဲ့ Augmented Reality လုပ်ဆောင်ချက် ကို ဖွင့်ဖို့ ကင်မရာ App ကနေ ပါဝင်လာတဲ့ ခလုတ်အသေးလေးကို ဖွင့်တာတို့ပါပဲ။

အဓိကကတော့ ဒီ Assistant ဟာ တခြား Digital Assistant တွေနဲ့ အနည်းငယ် ကွဲပြားသွားပြီး လုပ်ဆောင်ချက်တွေလည်း ပိုမိုလာခဲ့ပါတယ်။ Samsung ကလည်း ဒီအကြောင်းကို ပြသသွားပေမယ့် သေချာ စမ်းမပြသွားခဲ့လို့ Bixby ရဲ့အသံတွေ၊ Siri, Cortana နဲ့ Google Assistant တို့လို စကားစမြည်ပြောနိုင်မှုတွေ (အရွှန်းဖောက်မှုတွေ) ကိုတော့ သေချာမသိလိုက်ရပါဘူး။ (ကျွန်တော်ကတော့ စမ်းသပ်တာကိုကိုမျှော်လင့်ထားမိလို့ နည်းနည်းပေါ့ရွှတ်ရွှတ်ဖြစ်မိပါတယ်)

ကျွန်တော့်အနေနဲ့ Bixby မှာပါဝင်တဲ့ ဒီလုပ်ဆောင်ချက်သုံးမျိုးကို Review ကျရင် တစ်ခုချင်းရှင်းပြပါမယ်။

 

Samsung DeX

ဒါဟာလည်း လက်ရှိစမတ်ဖုန်းတွေ အောင်မြင်မှုမရှိသေးတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ဒီမတိုင်မီက Motorola နဲ့ Microsoft တို့ ကြိုးပမ်းခဲ့သလိုပဲ Samsung ဟာ စမတ်ဖုန်းကနေ Desktop Experience (DeX) ကိုရရှိနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းခဲ့တာပါ။

ဖုန်းကို အထူးပြုလုပ်ထားတဲ့ Dock ထဲထည့်လိုက်တာနဲ့ HDMI ကနေတစ်ဆင့် ကီးဘုတ်၊ မောက်စ်နဲ့ Desktop မော်နီတာတွေနဲ့ ချိတ်ဆက်သွားတာပါ။ ဒီမှာမှ S8 ကို Desktop ဗားရှင်းနဲ့အကြီးမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာမလိုပဲ စမတ်ဖုန်းနဲ့တင် Desktop တစ်လုံးလို အလုပ်လုပ်နိုင်မယ့် ပုံစံမျိုးကို ထည့်သွင်းခဲ့တာပါ။

ကျွန်တော့်အမြင်အရတော့ ဖုန်းထဲမှာ PowerPoint, Exel, Mail စတဲ့ Microsoft App တွေကိုထည့်သွင်းထားပြီး အသေးစား အလုပ်လုပ်နိုင်တဲ့ နေရာတစ်ခုအနေနဲ့ ဖန်တီးထားတာဖြစ်တာကြောင့် အရမ်းမျှော်လင့်ထားဖို့တော့ မကောင်းသေးပါဘူး။ အဓိက မျက်နှာပြင်အကြီးစားနဲ့ ဖုန်းတစ်လုံးကိုမြင်လိုက်ရသလိုပဲ ဖြစ်စေမှာပါ။

 

Galaxy S8 ရဲ့ ထုတ်လုပ်မယ့်ရက်၊ အရောင်နဲ့ ဈေးနှုန်း

အမေရိကန်ပြည်ထောင်စုမှတော့ S8 နဲ့ S8 Plus တွေကို Black, Gray နဲ့ Silver ဆိုပြီးရမှာပါ။ Gold နဲ့ Blue အရောင်တွေကတော့ နိုင်ငံတကာဈေးကွက်တွေမှာ ရနိုင်မယ်လို့ သိရပါတယ်။

Galaxy S8 နဲ့ S8 Plus တွေကို ဒီနေ့မှာ စတင် Preorder မှာနိုင်ပြီဖြစ်ပြီး Free အနေနဲ့ Oculus Headset၊ Controller တွေရရှိမှာပါ။ ဧပြီ ၂၁ရက်မှာ စတင်ရရှိမှာဖြစ်ပြီး ဈေးနှုန်းအတိအကျတော့ Samsung ကအတည်မပြုသေးပေမယ့် ဒေါ်လာ ၇၂၀ (ကျပ် ၉၈၀,၀၀၀) ပတ်ဝန်းကျင်လောက် စတင်နိုင်ကြောင်း သိရပါတယ်။

Joker (Akhayar)

Ref: The Verge