သင်္ကြန်ဖီလင်အပြည့်ဝရဖို့ သင်္ကြန်ထမင်းလေး ချက်စားကြစို့

သင်္ကြန်ထမင်းဆိုတာ မွန်ရိုးရာအစားအစာဆိုပေမယ့် သင်္ကြန်ရောက်လာပြီဆိုတာနဲ့ မစားမဖြစ် စားချင်စရာ ရိုးရာအစားအစာလေးပါ။ ဖယောင်းနံ့သင်းနေတဲ့ ဖယောင်းရည်လေးကို ထမင်းအေးအေးလေးပေါ်မှာ ဆမ်းပြီး သရက်သီးသုပ်၊ ငါးခြောက် ဒါမှမဟုတ် ပုစွန်ခြောက်သရက်သီးကြော်လေးနဲ့စားလိုက်ရရင် မြိန်မှမြိန် စားလို့ကောင်းမှကောင်းပဲမဟုတ်လား? ဒီတော့ကာ သင်္ကြန်ပိတ်ရက်လေးရတုန်း အိမ်မှာနေရင်း အရသာလည်းရှိ၊ စားလို့ကောင်းတဲ့ သင်္ကြန်ထမင်း မွှေးမွှေးအေးအေးလေးလုပ်စားဖို့ လိုအပ်တဲ့ချက်နည်းလေးတွေတင်ပေးလိုက်ပါတယ်နော်။

Photo Credit

လိုအပ်သောပစ္စည်းများ

ဆန်
ဖယောင်းတိုင်
မြေအိုး
မီးသွေး
ငါးခြောက်
ပုဇွန်ခြောက်
နနွင်းအနည်းငယ်
ကြက်သွန်ဖြူ
ကြက်သွန်နီ
သရက်သီးစိမ်း
ဆားအနည်းငယ်
နှမ်းနက်
စိမ်းစားငါးပိ
ပဲမှုန့် အကျက်
ငရုတ်ခြောက်အနီကြော်
ဆီ

ချက်နည်းအဆင့်ဆင့်

(၁) ဆန်ကို ထမင်းသားအိအိလေးရအောင်ချက်ပါ။ ကျက်တဲ့ထမင်းကို ရေအေးအေးလေးနဲ့ ဆေးပြီး ထမင်းလုံးတစေ့စီကွဲတဲ့အထိရေဆေးပါ။ သင်္ကြန်ထမင်းဆိုတာ ထမင်းဆန်လုံးတစေ့ချင်းစီ ကွဲပြီး လျှာဖျားနဲ့ဖိရုံ ကြေသွားမယ့်အနေထားဆိုရပါပြီ။

(၂) သရက်သီးကို ခြစ်လေးနဲ့ခြစ်ပြီး ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီပါးပါးလှီး၊ နှမ်းနက်၊ ကြက်သွန်နီဆီချက်၊ ပဲမှုန့်အကျက်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ သမအောင်နယ်လိုက်တာနဲ့ သရေကျလောက်မယ့် သရက်သီးသုပ်လေးရပါပြီ။

(၃) ဖယောင်းသင်းရည်ရဖို့တော့ ကြွေပန်းကန်တစ်ချပ်လုံးပေါ် မီးသွေးခဲအပူအနည်းငယ်ထည့်ပါ။ အဲ့ပေါ် ဖယောင်းခဲလေးများထည့်ပြီး မီးသွေးပူအုပ်ပါ။ အဲ့အပေါ်ကမှ ဒန်အိုးတလုံးကို ဖယောင်းငွေ့ရဖို့ ပန်းကန်ပြားပေါ်အုပ်ထည့်ပေးပါ။ ပြီးတာနဲ့ အိုးကိုလှန်အဝတ်စသန့်အုပ်ပြီး ရေသန့်အကြည်လေးကို အိုးထဲစစ်ထည့်ပါ။ ဒါဆိုရင်တော့ ဖယောင်းသင်းရည်လေးရပါပြီ။

(၄) သရက်သီးငါးခြောက်ကြော်ဖို့တော့ ကြိုက်နှစ်သက်ရာ ငါးခြောက်ပြားလေးကို ရေနွေးဆူဆူလေးနဲ့ပြုတ် မနူးတနူးအရွယ်လေးမှာ ထုတ်၊ ပုစွန်ခြောက်လေးနဲ့ ကြေအောင်ရောထောင်းပြီး သရက်သီးခြစ်ထားတဲ့အလွှာလေးများနဲ့ ကြက်သွန်နီကွင်းလေးများလှီး၊ ဆား၊ ဆနွင်းလေးအနည်းငယ်နဲ့ ဆီသတ်ကာ သရက်သီးအသားရော၊ ငါးခြောက်သားပါ ရောပြီးအနံ့လှိုင်လှိုင်မွှေးတက်လာတာနဲ့ အိုးကိုချလို့ရပါပြီ။

ပြီးတာနဲ့ ငရုတ်သီးအနီအခြောက်တောင့်လေးကို ရနံ့ပိုသင်းလာအောင်အတောင့်လိုက်လေး အိုးကင်းနဲ့လှော်ပေးပါ။

အားလုံးရပြီဆိုရင်တော့ အအေးခံထားတဲ့ ထမင်းအေးလေးပေါ် ဖယောင်းရည်လေးဆမ်း၊ သရက်သီးငါးခြောက်ထောင်းကြော်၊ သရက်သီးသုပ်လေးများနဲ့ ငရုတ်သီးတောင့်လေးကိုက်ပြီး မြိန်မြိန်မွှေးမွှေး သင်္ကြန်စာလေး သုံးဆောင်နိုင်ပါပြီဗျို့။

EiEiKhineMinn ( Akhayar )