အလုပ်စားပွဲကို ကြည့်လိုက်တာနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အကြမ်းဖျဉ်းတော့ အကဲခတ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်စားပွဲဟာ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ တိုက်ရိုက်အချိုးကျလို့ပါ။ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ စားပွဲကို သန့်သန့်ရှင်းရှင်း ထားလေ့ရှိတယ်။ စတိုခန်းလို့ ထင်ရလောက်အောင် ပစ္စည်းတွေ စုံအောင် မထားဘူး။ အရေးကြီးတဲ့ပစ္စည်းတွေကိုပဲ အနားမှာ ထားတယ်။ ဟုတ်ပြီ ဒါဆို အလုပ်စားပွဲပေါ်မှာ ဘယ်ပစ္စည်းတွေကို မထားသင့်တဲ့သလဲဆိုတာ ကြည့်ရအောင်။

(၁) ထမင်းဘူးကို စားပွဲပေါ် မထားနဲ့။

ရုံးရောက်လာတဲ့အခါ ထမင်းချိုင့် ဒါမှမဟုတ် ထမင်းဘူးကို မီးဖိုချောင်မှာပဲ ထားလိုက်။ အလုပ်စားပွဲပေါ် မတင်ပါနဲ့။ ဟင်းနံ့က ရုတ်တရက်ဆိုရင် မသိသာပေမယ့် တခြားဝန်ထမ်းတွေအတွက် အနှောက်အယှက်ဖြစ်စေတယ်။ စားပွဲကိုလည်း ဟင်းနံ့စွဲစေတယ်။ ပြီးတော့ အလုပ်စားပွဲပေါ်မှာ ထမင်းမစားနဲ့။ ပထမတစ်ချက်က ညစ်ပေမှာစိုးလို့။ နောက်တစ်ခုက အပြောင်းအလဲဖြစ်အောင်လို့။ ဝန်ထမ်းတွေက နေရာပြောင်းတာနဲ့ တီထွင်ဖန်တီးလိုစိတ်ပိုများလာတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခ Kimberly Elsbach က ဆိုထားပါတယ်။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းအတူစားပြီး အလ္လာပသလ္လာပပြောလိုက်ပါ။ ပြီးတော့မှ အလုပ်စားပွဲမှာ ပြန်ထိုင်။

(၂) ကော်ဖီခွက်ကို စားပွဲပေါ်မထားပါနဲ့။

အလုပ်ချိန်မှာ ကော်ဖီမသောက်သင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေက ကော်ဖီခွက်ကို စားပွဲပေါ်မှာ ထင်ထားတတ်ကြတယ်။ ကော်ဖီနံ့က မဆိုးဝါးဘူးဆိုပေမယ့် စားပွဲကတော့ ရှုပ်တာပါပဲ။ ကော်ဖီသောက်ပြီးတာနဲ့ မီးဖိုချောင်ထဲကို ချက်ချင်းသွားထားလိုက်။ ဒါမှမဟုတ် ခွက်ကို ပြန်ဆေးလိုက်ပါ။

(၃) နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ပစ္စည်းကို အလုပ်စားပွဲမှာ မတင်စေနဲ့။

လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သဘောထားကွဲလွဲပိုင်ခွင့် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအမြင်ကို လုပ်ငန်းခွင်ကို သယ်မလာသင့်ဘူး။ အလုပ်စားပွဲပေါ်မှာ အဘပုံပဲဖြစ်ဖြစ် အမေပုံပဲဖြစ်ဖြစ် တင်မထားတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအမြင်ကွဲလွဲတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြဿနာဖြစ်မှာစိုးလို့ပါ။ ကြိုက်တဲ့ပါတီကို မဲပေး။ အလုပ်မှာတော့ သယ်မလာနဲ့။

(၄) စမတ်ဖုန်းကို မေ့ထားလိုက်။

ဝန်ထမ်းတွေဟာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားသင့်တယ်။ ဘာရယ်မဟုတ် အရေးမကြီးဘူးလို့ ယူဆရတဲ့ ဖုန်းတွေကို အလုပ်ချိန်အတွင်းမှာ မပြောသင့်ဘူး။ ရုံးဆင်းမှ ကိုယ်ရေးကိုယ်တာကိစ္စကို ပြောသင့်တယ်။ အလိုက်မသိတဲ့ တချို့ဝန်ထမ်းတွေက ရုံးချိန်အတွင်းမှာတောင် ရည်းစားနဲ့ ဖုန်းပြောနေတာကို တွေ့ ဖူးတယ်။ ဖုန်းသံက လုပ်ဖော်ကိုင်ဖက်တွေကို အနှောက်အယှက်ဖြစ်စေတယ်။ Silence လုပ်ထားတာ အကောင်းဆုံးပါပဲ။

(၅) CV Form တင်မထားနဲ့။

အလုပ်သစ်လျှောက်နေတဲ့သတင်းကို လုပ်ဖော်ကိုင်ဖက်တွေရာ အလုပ်ရှင် မသိစေတာ အကောင်းဆုံးပဲ။ နောက်အလုပ်လျှောက်နေတယ်ဆိုရင်တောင် CV Form ကို သိုသိုသိပ်သိပ်ထား။ အလုပ်ကို သယ် မလာတာ အကောင်းဆုံးပဲ။ ကိုယ်ဟာ အလုပ်ရှင်မျက်နှာသာ ပေးခံရတဲ့ ဝန်ထမ်းဖြစ်နေရင်တော့ ပိုဆိုးသေးတယ်။ သူတို့သိသွားရင် ယုံကြည်မှုတွေ ပျက်သွားမယ်။ မကောင်းတော့ဘူး။

ဒါ့အပြင် အလုပ်စားပွဲပေါ်မှာ ဘာသာရေးရုပ်တု၊ အနံ့ပြင်းတဲ့ အစားအသောက်နဲ့ တခြား တိုလီမိုလီပစ္စည်းတွေကို တင်မထားတာ အကောင်းဆုံးပါ။ အလုပ်စားပွဲကို ကြည့်လိုက်တာနဲ့ စိတ်ကြည်လင်သွားအောင်ပေါ့။

Reference and Photo Credit – Business Insider

ကျော်စိုးအောင် (အခရာ)

www.akhayar.com