ညီအစ်ကိုတွေထက် ညီအစ်မတွေက ပိုပြီး နီးနီးကပ်ကပ်ရှိတတ်ကြပါတယ်။ ညီအစ်ကိုတွေတော်တော်များများက အိမ်မှာရှိရင် စကားတွေပြောတတ်ကြတာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ညီအစ်မအချင်းချင်းပဲ နားလည်နိုင်မယ့် အကြောင်းအရာတွေ ရှိလာတာပါပဲ။ ဘယ်လိုအချက်တွေလဲဆိုတော့ …

စကားအစပ်အဆက်မရှိပြောလည်း သိတယ်

ဟိုးပဝေသဏီက ပြောရင်းတန်းလန်းဖြစ်နေတဲ့ စကားကို ရုတ်တရက်ကြီး ပြန်စကားစရင်လည်း ဘာအကြောင်းအရာပြောလဲဆိုတာ အော်တိုသိနေတတ်ကြပါတယ်။ ဒါမျိုးကို စကားတွေအများကြီး ပြောဖြစ်နေတတ်တဲ့ ညီအစ်မတွေမှာ တွေ့ရတတ်ပါတယ်။

ဘာဝယ်ဝယ် နှစ်ယောက်လုံးသုံးတယ်

တစ်ခုခုဝယ်ပြီဆိုလည်း အတူတူဝေမျှ သုံးတတ်ကြပါသေးတယ်။ ခွင့်မပြုလည်း ယူသုံးသူတွေကတော့ အငယ်လုပ်သူတွေပေါ့။ ဘာပဲပြောပြော အငယ်လုပ်တာ ဒါတစ်ခုကောင်းပါတယ်။ အငယ်လုပ်သူတွေက ဒီလိုလုပ်ပါများတော့ အကြီးလုပ်သူတွေက ခဏခဏပြောလည်း မောတယ်ဆိုပြီး ခွင့်လွှတ်ထားရတယ် မဟုတ်လား။

ဆိုးဆိုးရွားရွားတွေ ပြောရင်တောင် မနာဘူး

အပြင်လူဝေဖန်တာထက်စာရင် ကိုယ့်အတွင်းသိ အဆင်းသိလူက ဝေဖန်တာကို ပိုပြီး ခံနိုင်ရည် ရှိတယ် မဟုတ်လား။ တကယ်က သူများမဝေဖန်ခင် ညီအစ်မအချင်းချင်း အရင်ပြောထားကာမှ တော်ရာကျမှာပေါ့။ ဒါမှ သူများတွေအမြင်မှာ ပြောစရာတကွက်မှ မရှိအောင် ကာဗာလုပ်ထားပြီးသား ဖြစ်တာပေါ့။

တစ်ခုခုဆို ပြောမနာ၊ ဆိုမနာ

ဒါကတော့ အပေါ်က အချက်နဲ့ ဆက်စပ်နေပါတယ်။ တစ်ခုခုဆို ကိုယ့်ညီအစ်မတွေဆီကပဲ အရင်ဆုံး မကြားဝံ့ မနာသာတွေ၊ ဆိုးဆိုးရွားရွားတွေ ကြားနေရတာမဟုတ်လား။ ဒီတော့ ကိုယ့်သက်တမ်းတစ်လျှောက်လုံး ဒီညီအစ်မတွေရဲ့ အသံတွေကို မကြားချင်လည်း ကြားနေရတာဆိုတော့ နာလည်း မနာတတ်တော့ဘူး မဟုတ်လား။ ထုံသွားတာလေ။

စိတ်ချင်းဆက်သွယ်မှုတွေရှိတယ်

သီချင်းတစ်ပိုဒ်ကို ရုတ်တရက်ပြိုင်တူ ဆိုမိတာမျိုးပေါ့။ ဒါကတော့ ညီအစ်မတွေမှ မဟုတ်ပါဘူး။ တပူးပူးတတွဲတွဲရှိလွန်းတဲ့ မိန်းကလေးသူငယ်ချင်းတွေမှာလည်း ရှိတတ်ပါတယ်။

မိုးလင်းပေါက်ထိ စကားတွေပြောကြတယ်

စကားတွေအပြောကောင်းပြီး မိုးလင်းလို့ လင်းသွားမှန်း မသိတဲ့နေ့တွေ အမြဲတမ်းမဟုတ်တောင် ရံဖန်ရံခါတော့ ရှိတယ်ဟုတ်။ ကိုယ့်ရည်းစားအကြောင်းပြောရင်းက ယောက်ျားတွေအကြောင်းရောက်သွားပြီး မပြီးဆုံးနိုင်တဲ့ အကြောင်းအရာတွေက ထပ်ထပ်ပေါ်လာတတ်ပါသေးတယ်။ ပြောချင်သလောက်ပြောပြီး ပင်ပန်းသွားမှ အိပ်ပျော်သွားဖူးတယ် မဟုတ်လား။

ညည်းညူတဲ့ကြားက လုပ်ပေးရှာသူ

တကယ်က တစ်ခုခုလိုလို့ ယူခိုင်းစရာရှိရင်၊ သယ်ခိုင်းဖို့ရှိရင် ဒီညီအစ်မတွေပဲ ခေါင်းထဲဝင်ဝင်လာတတ်တာ မဟုတ်လား။ ပါးစပ်က ပွစိပွစိပြောနေတတ်ပေမယ့် နောက်ဆုံးတော့လည်း မလုပ်ပေးတာလည်း မဟုတ်ဘူးလေနော်။

မောင်နှမတွေရှိတဲ့ဘဝက ဘယ်လောက်တောင်ကောင်းလဲဆိုတာ တစ်ယောက်တည်းသမားတွေကြည့်ရင် သိမှာပါ။ ဒီထဲမှာမှ တိုးတိုးပြောဖော် ညီအစ်မတွေရှိတာက တခြားအချက်တွေထက် ပိုကံကောင်းတယ်လို့ ထင်မိတယ်။ ဒါ့ကြောင့် စကားများ၊ ရန်ဖြစ်လည်း စိတ်ထဲမထားဘဲ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် လုပ်ကြနော်။

NSC (Akhayar)

www.akhayar.com