စုံတွဲလေးတွေကြားမှာ ပျော်ရွှင်မှုတွေ များများရရှိဖို့ ဘယ်လိုကြိုးစားရမလဲ

ချစ်သူတိုင်းကတော့ ပျော်ရွှင်စရာခရီးလမ်းလေးတွေကို လျှောက်လှမ်းချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် မလိုအပ်တဲ့အရာတွေကြောင့် ကျွန်မတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဘ၀ခရီးလေးတွေကို ပျက်စီးစေနိုင်ပါသေးတယ်။ ဒီတော့ အမြဲတမ်းပျော်ရွှင်နေတဲ့အချိန်တွေ များချင်တယ်ဆိုရင်တော့ ဘယ်လိုနေရထိုင်ရမလဲဆိုတာ ရှိပါတယ်။ အခုပြောပြမယ့်အတိုင်းလေးပဲ ထိန်းသိမ်းပြီးနေပါ။ သင်တို့ချစ်သူတွေဘ၀မှာ စိတ်ညစ်စရာတွေထက် ပျော်စရာတွေ များပြားလာလိမ့်မယ်လို့ ရဲရဲကြီးအာမခံပါတယ်။

အဆင်မပြေမှုတွေကို Public မှာ မချပြပါနဲ့

ရန်ဖြစ်တိုင်း Social Media မှာ Status တင်နေတာမျိုးတွေ၊ မိဘတွေနဲ့ သွားတိုင်တာမျိုးတွေ ဒါတွေကို လျှော့ပါ။ မလုပ်ရင်အကောင်းဆုံးပါပဲနော်။ ချစ်သူရည်းစားလင်မယားဆိုတာ ဒီလိုပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေကြပဲဥစ္စာကို ကိုယ်ယုံကြည်ရတဲ့လူ တစ်ဦးစနှစ်ဦးစကလွဲလို့ လူအများကြီးမသိပါစေနဲ့။ ဘာလုပ်မှာလဲ။

တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ်ချစ်တဲ့မိန်းကလေးကို တခြားကောင်မလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုနေသရွေ့တော့ သင်တို့ Relationship က သိပ်တော့ ပျော်စရာကောင်းမှာမဟုတ်ပါဘူး။ မိန်းကလေးတွေလည်း ဒီလိုပါပဲ။ ကိုယ့်ရဲ့ ချစ်သူကောင်လေးကို တခြားကောင်လေးတွေနဲ့ လိုက်နှိုင်းယှဉ်မနေပါနဲ့။ ကိုယ်ချစ်လို့ပဲ လက်တွဲခဲ့ပြီးပြီနော်။

ပြဿနာတွေနဲ့ မကစားပါနဲ့

တချို့ကောင်လေးတွေ၊ ကောင်မလေးတွေက ပြဿနာတွေနဲ့ ကစားတတ်ပါတယ်။ နည်းနည်းလောက် စိတ်ကသိကအောက်ဖြစ်နေရမှ နေသာထိုင်သာ ရှိကြတာမျိုးပါ။ တကယ်တော့ ပြဿနာကို မွေးမြူတာမကောင်းပါဘူး။ အချင်းချင်း တစ်ခုခုပြဿနာဖြစ်ပြီးဆို ပြောဆိုဆွေးနွေးဖြေရှင်းလိုက်ပါ။ စိတ်ကောက်နေတာတွေ၊ အရွဲ့တိုက်နေတာတွေက မလိုလားအပ်ဘဲ ပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေပါတယ်။

ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့

တော်သင့်ရုံတိုင်ပင်တာမျိုး၊ အကြံဥာဏ်ပေးတာမျိုးလောက်ကလွဲပြီး တစ်ဦးကို တစ်ဦး ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာဟာ ပျက်စီးခြင်းလမ်းစပါပဲ။ Relationship တစ်ခုမှာ အပေးအယူမျှမျှနဲ့ ကူညီရိုင်းပင်းရင်း ရှေ့ဆက်ကြရမှာပါ။ တစ်ဦးကို တစ်ဦး တရားလွန် ထိန်းချုပ်ပြီး စိတ်ညစ်ခံနေရမှာ မဟုတ်ပါဘူး။

ဂရုစိုက်ပေးဖို့ မေ့မထားပါနဲ့

Relationship သက်တမ်းကြာလာလေ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးလာလေပါပဲ။ အဲဒီ့နောက်ပိုင်း ပြဿနာတစ်ခုက ဂရုတစိုက်ချစ်ခင်ဖို့၊ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ဖို့ မေ့လျော့လာတာပါပဲ။ ဘယ်လောက်ပဲသက်တမ်းကြာပါစေ ကိုယ်ချစ်တဲ့ချစ်သူအတွက်ဆို ချစ်ခြင်းမေတ္တာတွေက အမြဲတမ်း လတ်ဆတ်နေရမှာနော်။

ကဲ ဒီအချက်တွေအတိုင်းသာ ဂရုစိုက်ချစ်ခင်မယ်ဆိုရင် Relationship တစ်ခုက လွယ်လွယ်နဲ့ပျက်စီးသွားစရာလည်း မလိုအပ်သလို၊ အချစ်လျော့သွားစရာလည်း မရှိပါဘူး။ တစ်နေ့တခြား ပိုတိုးချစ်လာပြီး အမြဲတမ်း သာယာပျော်ရွှင်မှုတွေ အများဆုံးရရှိမှာ သေချာပါတယ်နော်။

Moethaesay (Akhayar)

www.akhayar.com