ကိုယ်ပိုင်အိပ်ခန်းလေးထဲမှာ ရှိကိုရှိသင့်တာ ဘာပစ္စည်းတွေများဖြစ်မလဲ

အခုနောက်ပိုင်း လူတွေက အရင်ခေတ်ကထက် ပိုပြီး အလုပ်တွေရှုပ်ထွေးလာကြတာများ ပြောနေလို့တောင် ကုန်မှာမဟုတ်ပါဘူး။ လူငယ်တွေဟာလည်း အသက် (၁၈) နှစ်ပြည့်ပြီဆိုတာနဲ့ လုပ်ငန်းခွင်အသီးသီး ၀င်ရောက်ကုန်ကြပြီး ကိုယ်ပိုင်အချိန်ဆိုတာ တစ်နေ့တခြား နည်းသထက်နည်းလာပါတယ်။ ဒီတော့ ကျွန်မတို့ နေ့စဉ်ဘ၀မှာ တွေ့ကြုံနေရတဲ့ ရှုပ်ထွေးပွေလီမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကို အကောင်းဆုံးဖြေလျှော့နိုင်ဖို့ ကြိုးစားကြရမှာပါ။ ဒီတော့ ကိုယ့်ရဲ့ အိမ်ပြန်ချိန်နဲ့ အနားယူနေချိန်တွေအတွက် ကိုယ့်ရဲ့ အခန်းထဲမှာ ဘာပစ္စည်းတွေရှိသင့်လဲ။ အထူးသဖြင့် ခုနကပြောခဲ့သလို စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်ဖို့ပေါ့နော်။

မွှေးရနံ့ပါသောဖယောင်းတိုင်လေးများ

ရနံ့ကုထုံးဆိုတာ ဒီနိုင်ငံမှာ သိပ်ပြီး မတွင်ကျယ်သေးပေမယ့်လည်း တော်တော်များများ လက်ခံသုံးစွဲလာကြပါပြီ။ ကိုယ် သဘောကျတဲ့အနံ့လေးရရင် မပျော်တဲ့သူရှိပါ့မလား။ အနည်းငယ်တော့ “မွှေးနေတာပဲ။” ဆိုပြီး စိတ်ချမ်းသာမှုလေးတွေ ရရှိကြတာပါပဲ။ ဒါကြောင့်မို့လို့ ကိုယ် သဘောကျတဲ့ အမွှေးရနံ့လေးတွေ ပါဝင်တဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားခြင်းအားဖြင့် စိတ်လည်း တည်ငြိမ်စေသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေလို့ ညအိပ်တဲ့အချိန်တွေ၊ အနားယူတဲ့အချိန်တွေမှာ ထွန်းညှိထားသင့်ပါတယ်။

စာအုပ်စင်

ဒီဘက်နှစ်ကတော့ စာပိုများများဖတ်ရမယ့်နှစ်လို့ထင်ပါတယ်။ တစ်နှစ်မှာ မဖတ်ဖြစ်ဘူးဆိုရင်တော့ အနည်းဆုံး စာအုပ် (၁၅) အုပ်ကနေ အုပ် (၂၀) အတွင်းတော့ ပြီးအောင် ဖတ်သင့်တာပေါ့နော်။ ဒါကြောင့် လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင်အခန်းထဲမှာ ရှိနေသင့်တဲ့ နောက်ထပ်ပစ္စည်းတစ်မျိုးကတော့ စာအုပ်စင်ပဲဖြစ်ပါတယ်နော်။ အားလပ်ချိန်တွေမှာ စာဖတ်ဖြစ်ဖို့ အခန်းထဲမှာ စာအုပ်စင်တစ်စင် ခပ်သေးသေးလေးပဲဖြစ်ဖြစ် ထည့်ထားသင့်ပါပြီ။

ကိုယ်လုံးပေါ်မှန်

အခုနောက်ပိုင်း စားစရာသောက်စရာတွေများပြားလာလေလေ ကိုယ်လုံးပေါ်မှန်တစ်ချပ် လိုအပ်လာလေလေပါပဲ။ သိတဲ့အတိုင်းပဲ အခန်းထဲမှာ ကိုယ်လုံးပေါ်မှန်ကမရှိ၊ စားချင်ရာက လျှောက်စားနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်ဆိုဒ်ဖြစ်သွားပြီလဲ ကိုယ်မသိဘူး ဖြစ်နေပါလိမ့်မယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ၊ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ များပါစေ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလှအပကိုတော့ ဂရုစိုက်ရဦးမယ်နော်။

အိမ်မွေးတိရစ္ဆာန်လေး

အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်နေတာကလည်း သိပ်မကောင်းပါဘူး။ စိတ်ပင်ပန်းတာတွေ၊ စိတ်ဖိစီးမှုတွေများလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်လာနိုင်တယ်။ နောက်ပြီး ရင်ဖွင့်စရာ တစ်စုံတစ်ရာ ဘာမှမရှိတာကလည်း လူကို ပိုပြီးပင်ပန်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အခန်းထဲမှာ ကိုယ်ချစ်တဲ့ ခွေးလေးပဲဖြစ်ဖြစ်၊ ကြောင်လေးပဲဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်တော့ မွေးမြူထားသင့်ပါတယ်နော်။ သူတို့လေးတွေနဲ့ ဆော့ကစားတာတွေ၊ စကားပြောတာတွေဟာ ကိုယ့်ကိုယ် စိတ်လက်အပန်းပြေစေပါတယ်။

သစ်ပင်ငယ်လေးများ

သစ်ပင်အငယ်လေးတွေ၊ အသေးလေးတွေဟာလည်း အိပ်ခန်းထဲမှာ ရှိသင့်တဲ့ပစ္စည်းထဲမှာ ပါဝင်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင် ဒီသစ်ပင်လေးတွေကို မွေးမြူတာကြောင့် စိတ်ရှည်လာစေသလို စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေတယ်။ တချို့အပင်တွေဟာဆိုရင် အခန်းတွင်းက မကောင်းတဲ့အနံ့အသက်တွေကို စုပ်ယူပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ပါနော်။

ဒီတော့ အခုပြောပြခဲ့တဲ့ ပစ္စည်းလေးတွေကို အခုချက်ချင်းဝယ်ပြီး အခန်းထဲမှာ ထားကြပါ။ အပြင်ထွက်သွားရင်ပဲ လှပကျော့ရှင်းနေအောင် နေရမှာ မဟုတ်ပါဘူးနော်။ ကိုယ့်အခန်းထဲမှာ ကိုယ်နေရင်လည်း လှပကျော့ရှင်းနေရမယ်နော်။ အလုပ်တွေနဲ့ အမြဲတစေ ဗျာပါပွေနေသူတွေကတော့ အခန်းထဲမှာ ရှိကိုရှိနေရမယ့် ဒီပစ္စည်းလေးတွေကို ၀ယ်ထည့်ထားလိုက်ဦးနော်။

Moethaesay (Akhayar)

www.akhayar.com