၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အဆုံးသတ်သွားပါပြီ။ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မန်စီးတီးအသင်းက (၂)နှစ်ဆက်ဗိုလ်စွဲခဲ့သလို သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကိုတော့ ထူးထူးခြားခြားပဲ အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆာလာ Mohamed Salah ၊ အူဘာမီယန်း Aubameyang ၊ မာနေး Mané တို့က (၂၂)ဂိုးစီနဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး ခြေစွမ်းပြခဲ့တဲ့သူတွေရှိသလို ဂိုးပေါက်ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့တဲ့ ကံဆိုးသူမောင်ရှင်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတော့ . . .

5 – Joe Ralls – 23 shots

ကာဒစ်ဖ်အသင်း ကွင်းလယ်လူ ဂျိုးရော Joe Ralls ရဲ့အဖြစ်ကတော့ ဆိုးရွားလွန်းပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ၀က်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးပေါက်ရှာတွေ့ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့ ပယ်နယ်တီကိုတောင် ၀င်အောင် မကန်နိုင်ခဲ့ပါဘူး။ ပယ်နယ်တီ မ၀င်မှတော့ ဂိုးပေါက်ကန်သွင်းမှု (၂၃)ကြိမ်မှာ တစ်ဂိုးမှ မရတာ သိပ်တော့လည်း အံ့အားသင့်စရာ မဟုတ်ပါဘူး။

4 – Harry Arter – 23 shots

ကာဒစ်ဖ်အသင်းရဲ့ တန်းဆင်းသွားရတဲ့ တရားခံနောက်တစ်ဦးကတော့ ကွင်းလယ်လူ အာတာ Harry Arter ပါပဲ။ ဘုန်းမောက်အသင်းကနေ ကာဒစ်ဖ်ကို အငှားနဲ့လာကစားခဲ့တဲ့ အာတာဟာ အသင်းကို ပရီးမီးယားလိဂ်မှာ ကျန်ရစ်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘုန်းမောက်ကစားသမားဘ၀မှာ တစ်ရာသီလုံး ဂိုးပေါက်ပျောက်တာ မရှိပေမယ့် ကာဒစ်ဖ်အသင်းမှာတော့ (၂၅)ပွဲကစား သွင်းဂိုးက (၀)ပါ။ သူနဲ့ ဂျိုးရော Joe Ralls တို့နှစ်ဦးပေါင်း ဂိုးပေါက်ကန်ချက် (၄၆)ကြိမ်မှာ တစ်ဂိုးမှ မရခဲ့တာက ကာဒစ်ဖ်အသင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်သလိုပါပဲ။

3 – Mateo Kovacic – 28 shots

ဒီစာရင်းထဲမှာ ပါဝင်တဲ့ ကစားသမားအများစုက သာမန်အသင်းတွေမှာ ကစားနေကြသူတွေဖြစ်ပေမယ့် ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ် Mateo Kovacic ကတော့ ကံဆိုးသူစာရင်းထဲမှာ ထူးထူးခြားခြား ပါဝင်လာခဲ့ပါတယ်။ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ဖို့ ရီးယဲလ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ ကိုဗာချစ်ဟာ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ရပေမယ့်လည်း စိတ်ပျက်စရာကောင်းလောက်အောင် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၅၀)ကစား၊ ဂိုးပေါက်ကန်သွင်းမှု (၂၈)ကြိမ်မှာ တစ်ဂိုးမှ မရခဲ့တဲ့ ကိုဗာချစ်ကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ဆိုတာ တော်ရုံတန်ရုံမလွယ်ဘူးလို့ လက်ခံသွားလောက်ပါပြီ။

2 – Laurent Depoitre – 30 shots

ဆိုးရွားတဲ့ ရလဒ်တွေနဲ့ တန်းဆင်းခဲ့ရတဲ့ ဟတ်ဒါဖီးလ်အသင်းက ကစားသမားတစ်ဦး ဒီစာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာက သိပ်တော့မထူးဆန်းပါဘူး။ (၃၈)ပွဲမှာ (၂၂)ဂိုးသာ သွင်းယူခဲ့တဲ့ ဟတ်ဒါဖီးလ်ဟာ ထိုက်ထိုက်တန်တန် တန်းဆင်းခဲ့ရတာလို့ ဆိုနိုင်ပါတယ်။ ပိုဆိုးတာက တိုက်စစ်မှူးစစ်စစ်ဖြစ်ပေမယ့် လောရင့်ဒီပွါထရာ Laurent Depoitre တစ်ဂိုးမှ မသွင်းနိုင်တာပါပဲ။ ဒီပွါထရာဟာ ဂိုးပေါက်ကို အကြိမ်ပေါင်း(၃၀)အထိ ကန်သွင်းခွင့်ရတာတောင် ဘောလုံးနဲ့ဂိုးပိုက်ကို မိတ်မဆက်နိုင်ခဲ့ပါဘူး။

1 – Yves Bissouma – 31 shots

ဒီစာရင်းမှာ ချန်ပီယံဖြစ်ခဲ့တာက ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူမာ Yves Bissouma ပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းအတွက် (၂၈)ပွဲကစားပြီး သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု မရှိဆိုတဲ့ အားရစရာ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကံကောင်းတဲ့တစ်ချက်တာကတော့ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ FA ဖလားပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် အရှက်ပြေစရာဖြစ်ခဲ့ရတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့သူများ (၁) ဖတ်ရှုရန်

REF:dreamteamfc
Photo:Reuters,Getty Images,AFP,Cardiff City,The Sun
Naing Linn(Akhayar)
www.akhayar.com