၂၀၁၈၊ ဒီဇင်ဘာလမှာ ပရိသတ်အချစ်တော် နာမည်ကျော်ကစားသမားဟောင်း ဆိုးလ်ရှား Ole Gunnar Solskjaer ကို မန်ယူအသင်းက ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တော့ သူဟာ နည်းဗျူဟာအပြောင်အလဲ ပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရယူခဲ့တယ်။ သူ့အရင်နည်းပြ မော်ရင်ဟို Jose Mourinho ဟာ စိတ်ကြိုက်ကစားကွက်ဖြစ်တဲ့ (၄-၂-၃-၁)ကို အသုံးပြုခဲ့ပေမယ့် ရာထူးက အထုတ်မခံရခင်အချိန်အထိ ရလဒ်တွေက မတည်ငြိမ်ခဲ့ပါဘူး။ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်လိုက်ချိန်မှာ သူက (၄-၂-၃-၁)အစား (၄-၃-၃)ကို ပြောင်းလဲခဲ့ပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာ Paul Pogba ကလည်း အကောင်းဆုံး ကစားပြနိုင်ခဲ့တယ်။ (၄-၃-၃)ကစားကွက်နဲ့ မန်ယူအသင်းဟာ ဆိုးလ်ရှားလက်ထက် အစပိုင်းအချိန်တွေမှာ (၁၇)ပွဲကစား၊ (၁၄)ပွဲအထိ အနိုင်ရခဲ့ပြီး ဆိုးလ်ရှားကလည်း စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ PSG အသင်းကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အနိုင်ယူခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေ၊ ကစားသမားတွေ ကြံ့ခိုင်မှုမပြည့်ဝတာတွေကြောင့် ဆိုးလ်ရှားရဲ့ လမ်းစဉ်က ပြောင်းလဲသွားပြီး ရာသီကုန်မှာ အဆင့်ရပ်တည်မှုက ဆိုးရွားခဲ့တာ အားလုံးအသိပါပဲ။ ဒီရာသီမစခင်မှာ ဆိုးလ်ရှားအနေနဲ့ အသင်းကို အကောင်းဆုံးပုံစံ ပြန်ရဖို့ တည်ဆောက်ခွင့်ရခဲ့ပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ မော်ရင်ဟိုလက်ထက်တုန်းက မစွံခဲ့တဲ့ (၄-၂-၃-၁)ကိုပဲ ပြန်ပုံဖော်ခဲ့တာက အံ့အားသင့်စရာပါ။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

မန်ယူအသင်း ကွင်းလယ်မှာ Creative Attacking Midfielder တစ်ဦးလိုအပ်နေတာကို သိသိသာသာတွေ့ခဲ့ရပေမယ့် ရာသီကြိုခြေစမ်းပွဲ (၆)ပွဲစလုံးအနိုင်ရခဲ့လို့ အဲဒီအချက်က သိပ်ထင်ထင်ရှားရှား မဖြစ်ခဲ့ဘူး။ ဆိုးလ်ရှားအနေနဲ့ (၄-၂-၃-၁)ကစားကွက်ကို Solid ဖြစ်အောင် ဒီဘားလား Paulo Dybala ၊ အဲရစ်ဆင် Christian Eriksen စတဲ့ တိုက်စစ်အားသန်ကစားသမားတွေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် No 10 Role နေရာမှာ လင်ဂတ် Jesse Lingard၊ မာတာ Juan Mata တို့လို ကစားသမားတွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမဲ့ လင်ဂတ်ဟာ ၂၀၁၉ ခုနှစ်ထဲမှာ အသင်းအတွက် တစ်ဂိုးမှ မရခဲ့သလို ဂိုးဖန်တီးမှု (၁)ကြိမ်သာပြုလုပ်ခဲ့ပြီး၊ မာတာကလည်း (၁)ဂိုးသာသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

လင်ဂတ်ရဲ့ အရည်အသွေးက သာမန်လောက်ပဲရှိပြီး မာတာကတော့ အသက်အရွယ်ရလာပါပြီ။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ No 10 Role ကို ကောင်းကောင်းကစားနိုင်တဲ့သူ မရှိဘဲနဲ့ (၄-၂-၃-၁)ကစားကွက်ကို ဆက်မသုံးသင့်တော့ပါဘူး။ အဲဒီကစားကွက်ရဲ့ ဆိုးကျိုးက ပေါ့ဘာဟာ ကိုယ့်အသင်းခံစစ်ကို Cover လုပ်နေရတာကြောင့် တိုက်စစ်ကို စိတ်ကြိုက် လိုက်ပါခွင့် မရဘဲ ပေါ့ဘာကလည်း ဘောလုံးကိုင် ကစားတတ်တဲ့သူဖြစ်လို့ ပြိုင်ဘက်တွေ သူ့ကို Pressing လုပ်တဲ့အခါ ဘောလုံးဆုံးရှုံးမှု များတာကို တွေ့ရမှာပါ။ မနှစ်က ၀ုလ်ဗ်နဲ့ပွဲ၊ ဒီရာသီ ပဲလေ့စ်ကို ရှုံးတဲ့ပွဲတွေမှာ ပေါ့ဘာ ဘောလုံးပျက်တာကနေ ပြိုင်ဘက်တွေက Counter Attack နဲ့ ဂိုးသွင်းခဲ့တာက အကောင်းဆုံး သာဓကပါပဲ။ ဒါပေမဲ့ ပေါ့ဘာက မန်ယူအသင်း ရှေ့၊ လယ်၊ နောက် လူစာရင်းမှာ တစ်ဦးတည်းသော World Class ကစားသမားဖြစ်နေသလို သူက Risk ယူပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်တာမျိုး လုပ်လေ့ရှိပေမယ့် ဘောလုံးဆုံးရှုံးသွားတဲ့အခါမျိုးမှာ ပြန်လိုက်လေ့ မရှိတာကြောင့် ဒီလိုကစားသမားကို Centre Midfield ထားတာက မန်ယူကွင်းလယ်အတွက် အကြီးမားဆုံး အားနည်းချက်ဖြစ်ပါတယ်။ ပေါ့ဘာဆိုတာက လက်ရှိ မန်ယူအသင်းကွင်းလယ်လူတွေထဲမှာ Creative အဖြစ်ဆုံး ကစားသမားဆိုတာ သံသယဖြစ်စရာ မလိုပေမယ့် ကိုယ့်ကွင်းဘက်ခြမ်းမှာ Deep ဖြစ်အောင် ကစားစေတာက သူ့ ခြေစွမ်းကို အကန့်အသတ်ဖြစ်စေပြီး တိုက်စစ်စွမ်းဆောင်ရည်ပါ ကျဆင်းစေပါတယ်။

မန်ယူအသင်းမှာ ပေါ့ဘာလို Creative ဖြစ်တဲ့ တခြားကစားသမားရှိရင် မထောင်းသာပေမယ့် အခုတော့ ပေါ့ဘာတစ်ဦးတည်းကိုပဲ လုံးလုံးလျားလျား မှီခိုထားသလိုဖြစ်နေတာကြောင့် သူ ပျက်ရင် မန်ယူတိုက်စစ်နဲ့ ကွင်းလယ်တစ်ခုလုံး သုံးစားလို့ မရတော့ပါဘူး။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ အရင်လိုပဲ (၄-၃-၃)ကစားကွက်မှာ ပေါ့ဘာကို ဘယ်ခြမ်းထားပြီး တွမ်မီးနေး Scott McTominay ၊ မာတစ် Nemanja Matic ဒါမှမဟုတ် ဖရက်ဒ် Fred တို့နဲ့ တွဲဖက်ပေးမယ်ဆိုရင် ပေါ့ဘာဟာ တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မန်ယူအသင်းမှာ ဆိုးလ်ရှား ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အများကြီးဆိုပေမယ့် ပထမဆုံး သူ့ရဲ့ ကစားကွက်ကို အရင်ပြင်ဆင်သင့်နေပါပြီ . .

REF:manchestereveningnews
Photo:Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com