လူတွေဟာ နိုင်ငံရပ်ခြားကို ခရီးထွက်ချင်လာရင် Passport မဖြစ်မနေ လုပ်ကြရပါတယ်။ ဗြိတိန်ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) ကတော့ ကမ္ဘာပေါ်မှာ Passport မလိုတဲ့ ပုဂ္ဂိုလ်ထူးကြီးပါ။ နိုင်ငံအပေါ်မူတည်ပြီး Passport အရောင်တွေ ကွဲပြားသွားကြလို့ မသိရင် ရှုပ်သလိုလိုတော့ ရှိပါတယ်။ ဒါပေမယ့် သေချာစစ်ထုတ်လိုက်မယ်ဆိုရင် Passport အရောင်က (၄) မျိုးပဲရှိပါတယ်။

World Map By Passport Color

World Map By Passport Color

(၁) အနီရောင်

Passport တွေထဲမှာ အသုံးအများဆုံးက အနီရောင်ပါပဲ။ ခရိုရေးရှားနိုင်ငံကလွဲလို့ လက်ရှိဥရောပသမဂ္ဂအဖွဲ့ဝင် (၂၈) နိုင်ငံက အနီရောင် Passport ကိုပဲ သုံးကြပါတယ်။ ဗြိတိန်နိုင်ငံဟာ အရင်တုန်းက အပြာရောင်ကို သုံးခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အချိန် (၁၉၈၈) ကနေ အနီရောင် Passport ကိုပဲ သုံးပါတယ်။ ၂ဝ၁၉ခုနှစ်မှာ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံကနေ ထွက်ခွာတော့မှာမို့ အနီရောင်အစား အရင်အပြာရောင်ကိုပဲ ပြန်သုံးတော့မှာပါ။ ကွန်မြူနစ်ဝါဒရဲ့အလံတော်က အနီရောင်ဖြစ်တဲ့အတွက် တရုတ်၊ ရုရှား၊ ဆာဘီးယား၊ ရိုမေးနီးယား၊ ပိုလန်နဲ့ ဂျော်ဂျီယာ အစရှိတဲ့ ကွန်မြူနစ်နိုင်ငံတွေကလည်း အနီရောင် Passport ကိုပဲ သုံးကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ကူးပြောင်းဖွယ်ရှိတဲ့ တူရကီ၊ မက်ဆီဒိုနီးယား၊ အယ်ဘေးနီးယားနိုင်ငံတွေရဲ့ Passport က အနီရောင်ပဲဖြစ်ပါတယ်။ ဘိုလစ်ဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါနဲ့ ပီရူးစတဲ့ တောင်အမေရိကတိုက်နိုင်ငံတွေကလည်း အနီရောင် Passport ကိုပဲ သုံးကြပါတယ်။

British Passport

British Passport

(၂) အပြာရောင်

အပြာရောင် Passport က အနီရောင်ပြီးရင် ဒုတိယအသုံးအများဆုံးပါ။ အပြာရောင်ဟာ ‘ကမ္ဘာသစ် (New World)’ လို့ အဓိပ္ပာယ်ရပြီး ကာရစ်ဘီယံကျွန်းမှာရှိတဲ့ (၁၅) နိုင်ငံက သုံးကြပါတယ်။ ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ ပါရာဂွေးနိုင်ငံတွေက တောင်အမေရိကကုန်သွယ်ရေးလုပ်ငန်းကို ကိုယ်စားပြုတဲ့ အပြာရောင်ကို အစွဲပြုပြီး အပြာရောင် Passport ကိုပဲ သုံးကြပါတယ်။ အမေရိကန်နိုင်ငံလည်း အပြာရောင် Passport ပါပဲ။

Ukrain Passport

Ukrain Passport

(၃) အစိမ်းရောင်

တမန်တော် မိုဟာမတ်ဟာ အစိမ်းရောင်ခြုံထည်နဲ့ ခေါင်းပေါင်းကိုသာ ဝတ်ဆင်ခဲ့တဲ့အတွက် အစိမ်းရောင်က အစ္စလာမ်ဘာသာရဲ့အထွဋ်အမြတ်ထားရာ အရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနဲ့ မော်ရိုကိုစတဲ့ အစ္စလာမ်နိုင်ငံတွေက အစိမ်းရောင် Passport ကိုပဲ သုံးကြပါတယ်။ နိုက်ဂျီးရီးယား၊ ဆီနီဂေါနဲ့ မာလီနိုင်ငံတွေက အနောက်အာဖရိကစီးပွားရေးအဖွဲ့အစည်းကို အစွဲပြုပြီး အစိမ်းရောင် Passport ကို သုံးကြပါတယ်။

Pakistan Passport

Pakistan Passport

(၄) အနက်ရောင်

အနက်ရောင် Passport က အရှားပါးဆုံးပါ။ ဘော့စ်ဝါနာ၊ ဇမ်ဘီယာ၊ အန်ဂိုလာနဲ့ ကွန်ဂိုအစရှိတဲ့ အာဖရိကနိုင်ငံတွေက အနက်ရောင် Passport ကိုပဲ သုံးကြပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ကိုယ်ပိုင်အရောင်က အနက်ရောင်ဖြစ်တဲ့အတွက် အနက်ရောင် Passport ကိုပဲ သုံးကြပါတယ်။

New Zealand Passport

New Zealand Passport

ကဲ . . ဒီလောက်ဆို Passport တွေအရောင်ကွဲပြားရတဲ့အကြောင်းကို ကွဲကွဲပြားပြားသိလောက်ပြီ ထင်ပါတယ်။

Reference and Photo Credit – Global Passport

ကျော်စိုးအောင် (အခရာ)

www.akhayar.com