ဆိုရိုးစကားတစ်ခုရှိပါတယ်။ ရောမရောက်ရင် ရောမလို ကျင့်ပါတဲ့။ ရောမရောက်ပြီး ရောမသားတွေလို မကျင့်ကြံမနေထိုင်တတ်ရင် ဒုက္ခရောက်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ခရီးသွားတဲ့အခါ အနီးဆုံး တခြားမြို့တစ်မြို့သွားတာကနေ နိုင်ငံရပ်ခြား နိုင်ငံတစ်ခုသွားတာအထိ မသွားခင် အဲဒီမြို့နိုင်ငံရဲ့ တားမြစ်ထားတဲ့အရာတွေ၊ စည်းကမ်းတွေကို ဖတ်သွားရပါတယ်။ ကျွန်တော်တို့ဆီမှာ ကွမ်းစားတာ၊ ကွမ်းသွေးထွေးတာ အပြစ်မကြီးပေမယ့် သူများနိုင်ငံမှာဆိုရင်တော့ အကြီးအကျယ်ဒဏ်ရိုက်ခံရတဲ့ အပြစ်တွေကို ရှောင်ဖို့ပေါ့။

ဒီမှာတော့ ကမ္ဘာတဝန်းက တချို့နေရာဒေသတွေက ထူးထူးခြားခြားတားမြစ်မှုတွေကို ဖော်ပြပေးချင်ပါတယ်။ တချို့တားမြစ်မှုတွေဆိုရင် ထူးဆန်းလွန်းတဲ့အတွက် အဲဒီမှာ နေထိုင်ကြတဲ့ ဒေသခံတွေတောင် နားမလည်နိုင်ပါဘူးတဲ့။

အနောက်တိုင်းစတိုင်ဆံပင်ပုံစံထားတာကို တားမြစ်တဲ့ အီရန်

ဒါကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တားမြစ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အီရန်အစိုးရဟာ အမျိုးသားတွေကို  အနောက်တိုင်းစတိုင်ဆံပင်ပုံစံထားတာကို တားမြစ်ခဲ့ပြီး အထူးသဖြင့် ပိုနီတေးချည်တဲ့ ဆံပင်ပုံစံနဲ့ Punk တွေလို ဆံပင်ကို အလယ်မှာ One Way ထောင်တာမျိုးကို တားမြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ညှပ်လို့ ရနိုင်တဲ့ ဆံပင်ပုံစံတွေကိုပါ ကတ်တလောက်နဲ့ ထုတ်ပေးခဲ့ပါတယ်။ တက်တူးနဲ့ မုတ်ဆိတ်ရိတ်တာကိုလည်း တားမြစ်ထားပြီး ဘာဖြစ်လို့လဲဆိုတော့ မူဆလင်အမျိုးသားတစ်ယောက်အတွက် မုတ်ဆိတ်ဆိုတာ အလေးအမြတ်ထားရတဲ့အရာတစ်ခုဖြစ်နေလို့ပါပဲ။

ကျောင်းကန်တင်းတွေမှာ Ketchup မစားရတဲ့ ပြင်သစ်

ပြင်သစ်အစိုးရဟာ ကျောင်းကန်တင်းတွေမှာ Ketchup စားသုံးမှုကို ကန့်သတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ပြင်သစ်ရိုးရာအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်တွေကို ပိုစားစေချင်လို့ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖေးဆိုင်ပိုင်ရှင်တွေဟာ French Fries အာလူးချောင်းကြော်နဲ့ တွဲစားဖို့ Ketchup ကို တစ်ပတ်မှာ တစ်ကြိမ်ပဲ တည်ခင်းရောင်းချလို့ ရပါတယ်။ ဒါတင်မဟုတ်ဘဲ ကျောင်းတွေမှာ အသီးအရွက်စားသုံးမှုကို မြှင်တင်ဖို့နဲ့ အစားအသောက်မှာ အဆီဓာတ်ကို လျှော့ချဖို့ ပိုပြီး ရည်ရွယ်ပါတယ်။

ကလေးသုံးတဲ့ လမ်းလျှောက်အရုပ်နဲ့ စကူတာတွေကို ပိတ်ပင်တဲ့ ကနေဒါ

၂၀၀၄ ခုနှစ်တည်းက ကနေဒါနိုင်ငံမှာ ကလေးတွေသုံးတဲ့ လမ်းလျှောက်အကူလှည်းလေးတွေနဲ့ စကူတာကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးတာကို တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို လမ်းအစောကြီးလျှောက်စေတာဟာ အန္တရာယ်ကြီးလို့ပါပဲ။ ကနေဒါဝန်ကြီး Pierre Pettigrew ကတော့ “ကလေးတွေရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပါပဲ။ ကနေဒါဟာ လမ်းလျှောက်လှည်းတွေကို ပိတ်ပင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာတာကို ဝမ်းမြောက်ဝမ်းသာ အသိပေးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လမ်းပေါ် ထွက်မကရတဲ့ ဆွီဒင်

ဆွီဒင်မှာဆိုရင် တရားဝင်ခွင့်ပြုချက်မရဘဲ အိမ်အပြင်ဘက် လမ်းပေါ်မှာ ကလို့ မရပါဘူး။ ပွဲလမ်းသဘင်တစ်ခုခုအတွက် ကချင်တယ်ဆိုရင် ခွင့်ပြုချက်လျှောက်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ထွက်လာတဲ့ ဂီတသံကို ခြေထောက်နဲ့ စည်းချက်လိုက်တာတောင် တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ နောက်ပိုင်းမှာ ဒီဟာသဆန်တဲ့ ဥပဒေအတွက် ပြုပြင်ပြောင်းလဲဖို့ အမျိုးမျိုးတောင်းဆိုခဲ့ပေမယ့် ၂၀၁၇ ခုနှစ်အထိ ဘားဆိုင်ပိုင်ရှင်တွေနဲ့ ကလပ်ပိုင်ရှင်တွေဟာ သူတို့ရဲ့ ဧည့်သည်တွေ ဘားအတွင်းကလို့ မကြာခဏ Fine အကောက်ခံခဲ့ကြရပါတယ်။

Tanning Salons တွေကို ခွင့်မပြုတဲ့ ဘရာဇီး

အဲဒီဥပဒေအသက်ဝင်တာတော့ ၂၀၀၉ ခုနှစ်တည်းကဖြစ်ပြီး Tanning Salons ဆိုတာ အသားကို နေလောင်ထားသလို ညိုမောင်းအောင် လုပ်ပေးတဲ့နေရာတွေပါ။ ဥပဒေထဲမှာ နေရောင်ကြောင့် ညိုသွားအောင် လုပ်တဲ့ ပစ္စည်းတွေ သုံးတာ၊ နိုင်ငံထဲ တင်သွင်းတာ၊ ငှားတာနဲ့ ရောင်းချတာ အားလုံးကို ပိတ်ပင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ UV ရောင်ခြည်တွေ အမြဲတမ်းကြီး ခံတာဟာ လူတွေအတွက် အန္တရာယ်ရှိသလို ကင်ဆာတောင် ဖြစ်စေနိုင်လို့ပါပဲ။

ဖိနပ်အပါးမစီးရတဲ့ အီတလီ

အီတလီနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဥပမာပြောရရင် Liguria လို ဒေသမျိုးမှာ ကမ္ဘာလှည့်ခရီးသွားတွေဟာ ပန်းခြံထဲမှာ ခြေညှပ်ဖိနပ်/ ဖိနပ်အပါးစတာတွေ မစီးရပါဘူး။ တကယ်လို့ စီးတာ တွေ့ခဲ့လို့ ရှိရင် ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၂၅၀၀ လောက်ထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဘာလို့ ဒီလို တားမြစ်ရသလဲဆိုရင်တော့ အဲဒီလို ဖိနပ်အပါးတွေ စီးတဲ့သူတွေ ခဏခဏချော်လဲတာကို ကူညီရလို့ ဖြစ်ပြီး Capri ကျွန်းမှာတော့ ဖိနပ်အပါးတွေရဲ့ ကျွိကျွိမြည်တဲ့အသံကြောင့် စီးခွင့်မရတာ ဖြစ်ပါတယ်။

မီးအိမ်ကိုယ်တိုင်လဲတပ်ခွင့်မရတဲ့ သြစတြေးလျနိုင်ငံ

သြစတြေးလျနိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ လျှပ်စစ်နဲ့ ပက်သက်တဲ့ ပြင်တာ၊ ဆင်တာတွေကို ကိုယ့်ဘာသာလုပ်ခွင့်မရှိပါဘူး။ အဲဒီလို ပြင်ဖို့ ဆင်ဖို့ လိုရင် လိုင်စင်ရ ကျွမ်းကျင်သူတစ်ယောက်က လုပ်ပေးမှ ရပါတယ်။ မီးလုံးလောက်ကို လဲခွင့်ရပေမယ့် မီးအိမ်တစ်ခုလုံး ဒါမှမဟုတ် Wire တွေကိုတော့ ကျွမ်းကျင်သူကပဲ လဲပေးလို့ ရပါတယ်။

ပြေးတာကို ခွင့်မပြုတဲ့ ဘူရွန်ဒီနိုင်ငံ

Jogging လို့ ခေါ်တဲ့ ခပ်နှေးနှေးပြေးတာဟာ ဘူရွန်ဒီနိုင်ငံမှာ တရားမဝင်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ သမ္မတက ဒီဥပဒေကို ပြဌာန်းခဲ့ပြီး ဘူရွန်ဒီမှာ ပြေးတဲ့သူတွေဟာ တစ်သက်တစ်ကျွန်းအထိတောင် ပြစ်ဒဏ်ခံရနိုင်ပါတယ်။ ဘာလို့ ဒါမျိုး ထူးထုးဆန်းဆန်းတားမြစ်သလဲဆိုရင်တော့ ဗုံးပစ်ပြီး ပြေးတဲ့သူတွေ၊ အသေခံဗုံးခွဲသမားတွေကြောင့် ပိတ်ပင်တာ ဖြစ်ပါတယ်။ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် လူ ၂ ယောက်နဲ့ လူ ၂ယောက်အထက် အုပ်စုဖွဲ့ပြေးတာဟာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အနက်ရောင်ကားဆို မစီးရဘူးဆိုတဲ့ တာ့ခ်မင်နစ္စတန်

တာ့ခ်မင်နစ္စတန်မှာတော့ အနက်ရောင်ဟာ ကံကြမ္မာဆိုးတွေကို သယ်လာတယ်ဆိုတဲ့ အယူသည်းမှုရှိတဲ့အတွက် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီတားမြစ်မှုကို ၂၀၁၈ ခုနှစ်တည်းက ပိတ်ပင်ခဲ့ပြီး အနက်ရောင်ကားပိုင်ရှင်တွေဟာ သူတို့ကားတွေရဲ့ အရောင်ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းက ထူးခြားဥပဒေတွေနဲ့ တားမြစ်မှုတွေကိုတော့ ဖော်ပြပြီးပါပြီ။ မြန်မာနိုင်ငံမှာရော အခရာပရိသတ်ကြီးသိတဲ့ ထူးထူးခြားခြားတားမြစ်ထားတဲ့ ဥပဒေတွေ ရှိရင်လည်း ပြောသွားပေးပါဦး။

Yoe Lu (Akhayar)

www.akhayar.com
Source : Brightside.me